အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာ ဝေမျှပေးချင်တဲ့အစားအစာလေးကတော့ ပင်လယ်စာချစ်သူများ အကြိုက်တွေ့စေမယ့် ပင်လယ်စာ ထမင်းနယ် ပြင်ဆင်ပြုလုပ်နည်းပဲ ဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ဆန် နို့ဆီဗူး ၁ လုံး
  • ရေ စားပွဲတင်ဇွန်း ၁၆ ဇွန်း
  • ပင်လယ်စာ ၁၀ အောင်စ (ပုစွန်၊ ပြည်ကြီးငါး၊ ခုံး၊ ခရု၊ ယောက်သွား စသည်)
  • မုန်လာဥနီ ၁ လုံး (ပါးပါးလှီးထားပါ)
  • ပဲလုံးစိမ်း စားပွဲတင်ဇွန်း ၅ ဇွန်း

  • ရှီတာကီမှို ၃ ပွင့် (ပါးပါးလှီးထားပါ)
  • ကိုရီးယားမုန်လာဥဖြူ ၃ အောင်စ (ပါးပါးလှီးထားပါ)

ဆော့စ်ပြုလုပ်ရန် လိုအပ်သော ပါဝင်ပစ္စည်းများ

  • ပဲငံပြာရည် စားပွဲတင်ဇွန်း ၃ ဇွန်းနှင့် သံပုယိုရည် လက်ဖက်ရည်ဇွန်း ၂ ဇွန်း၊
  • နှမ်းဆီ လက်ဖက်ရည်ဇွန်း ၁ ဇွန်းနှင့် ငရုတ်သီးမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • နှမ်းစေ့ လက်ဖ်ကရည်ဇွန်း ၁ ဇွန်းနှင့် ပါးပါးလှီးထားသော ကြက်သွန်ဖြူ လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • သကြား လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ကြက်သွန်မြိတ် ၃ မြွှာ (ပါးပါးလှီးထားပါ)

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ဆန်ကို ရေဖြင့် ၃ ကြိမ် ဆေးကြောပြီးနောက် ရေထဲတွင် မိနစ် ၂၀၊ မိနစ် ၃၀ ခန့် စိမ်ထားလိုက်ပါ။

၂။ သတ်မှတ်ချိန်ပြည့်အောင် စိမ်ပြီးတဲ့နောက်မှာ ဆန်များကို ဆယ်ထားလိုက်ပါ။

၃။ ပင်လယ်စာများကိုလည်း စင်ကြယ်အောင် ဆေးကြောထားပါ။ ဟင်းသီးဟင်းရွက်များကိုလည်း အဆင်သင့်ပြင်ထားပါ။

၄။ ထို့နောက် ဆန်များကို အိုးတစ်လုံးထဲထည့်ပါ။ ရေ ထည့်ပြီး မီးအပူပြင်းပြင်းဖြင့် ၄ မိနစ်၊ ၅ မိနစ်ခန့် ဆူပွက်လာအောင် တည်လိုက်ပါ။ ထို့နောက် မီးအပူရှိန်ကို အနိမ့်ဆုံးသို့ လျော့ချလိုက်ကာ နောက်ထပ် ၅ မိနစ်ခန့် တည်ထားလိုက်ပါ။

၅။ ထို့နောက် ပင်လယ်စာနှင့် ဟင်းသီးဟင်းရွက်များ ထည့်ကာ သမအောင် မွှေလိုက်ပါ။ ထို့နောက် ဒယ်အိုးအဖုံးအုပ်ထားပြီး ၇ မိနစ်၊ ၈ မိနစ်ခန့် တည်ထားလိုက်ပါ။ သတ်မှတ်ချိန်ပြည့်ပါက မီးပိတ်လိုက်ပါ။ မီးပိတ်ထားပေမယ့် အိုးကိုတော့ မီးဖိုပေါ်တွင် အဖုံးအုပ်လျက်သား တင်ထားပေးရပါမယ်။

၆။ ထိုအချိန်တွင် ဆော့စ်များ ဖျော်စပ်ပေးရပါမယ်။

ပန်းကန်လုံးအသေးတစ်လုံးထဲတွင် ပဲငံပြာရည်၊ သံပုယိုရည်၊ နှမ်းဆီ၊ ငရုတ်သီးမှုန့်၊ နှမ်းစေ့၊ ကြက်သွန်ဖြူ၊ သကြားနှင့် ကြက်သွန်မြိတ်တို့ထည့်ကာ သမအောင် ရောမွှေလိုက်ပါ။

၇။ ထို့နောက် ပင်လယ်စာထမင်းကို ပန်းကန်ပြားထဲ ထည့်ကာ စောစောက ဖျော်ထားသော ဆော့စ်ဖြင့် အရသာရှိရှိ တွဲဖက်စားသုံးနိုင်ပါပြီ။

Source: Koreanbapsang.com