အာဟာရပြည့်ဝတဲ့ အစားအစာ စားသုံးခြင်းက ကျန်းမာရေးအတွက် များစွာအထောက်အကူပြုပါတယ်။ ဒါ့ကြောင့် အာဟာရပြည့်ဝတဲ့ အစားအစာကို ပြင်ဆင်ချက်ပြုတ်ချင်သူများအတွက် ဒီတစ်ခါမှာတော့ ကာဘိုဟိုက်ဒြိုက်ဓာတ်၊ အမျှင်ဓာတ်တို့သာမက ဗီတာမင် စီ၊ ဗီတာမင် B6 ၊ ပိုတက်စီယမ်၊ မဂ္ဂနီစီယမ်တို့ ကြွယ်ဝစွာပါဝင်တဲ့ အာလူးကို ပရိုတင်းဓာတ် ကြွယ်ဝစွာပါဝင်တဲ့ ဝက်ပေါင်ခြောက်နဲ့တွဲဖက်ပြီးတော့ ချိစ်အရသာ ဝက်ပေါင်ခြောက် အာလူးကတ်သလိတ်ပြုလုပ်သွားမှာပဲဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ

  • လေးထောင်းအတုံးငယ် တုံးထားသော ဝက်ပေါင်ခြောက် ပန်းကန်လုံး ၁ လုံးစာ
  • အချောင်းလိုက် လှီးဖြတ်ထားသော ချိစ် ပန်းကန်လုံး တစ်လုံးစာ
  • ပါးပါးလှီးထားေးသာ ကြက်သွန်မြိတ် စားပွဲတင်ဇွန်း ၂ ဇွန်း
  • ကြက်သွန်ဖြူအမှုန့် လက်ဖက်ရည်ဇွန်းတစ်ဝက်
  • ဂျုံမှုန့် ပန်းကန်လုံးတစ်ဝက်စာ (၆၄ ဂရမ်)

  • အာလူးထောင်း ပန်းကန်လုံး ၂ လုံးစာ (အာလူး ၅ လုံးခန့်ကို ပြုတ်ပြီး ညှက်နေအောင် ထောင်းထားလိုက်ပါ)
  • ဟင်းရွက်ဆီ ၁၂၅ မီလီလီတာ

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ပန်းကန်လုံးအကြီးတစ်လုံးထဲတွင် အာလူးထောင်း၊ ဝက်ပေါင်ခြောက်၊ ချိစ်၊ ကြက်သွန်ဖြူအမှုန့်၊ ကြက်သွန်မြိတ်နှင့် ဂျုံမှုန့်တို့ထည့်ကာ သစ်သားယောင်းမဖြင့် သမအောင် နယ်ထားလိုက်ပါ။

၂။ သမအောင်နယ်ပြီးသွားတဲ့အခါမှာတော့ အာလူးကတ်သလိတ်အပြား ၁၆ ပြားခန့် အညီအမျှ ပြုလုပ်ပေးလိုက်ပါ။

၃။ ဒယ်အိုးကို အပူပေးပြီး ဆီထည့်ပါ။ ဆီပူလာပါက အာလူးကတ်သလိပ်ပြားများကို ဒယ်အိုးဆန့်သလောက် ထည့်ကြော်ပေးလိုက်ပါ။ ၄ မိနစ်ပြည့်ပါက အာလူးအောက်ခြေက ရွှေညိုရောင်ပြောင်းသွားပါလိမ့်မယ်။ ထိုအခါ အာလူးကို အခြားတစ်ဖက်သို့ လှန်ပေးလိုက်ပါ။ နောက်ထပ် ၄ မိနစ်ခန့် ကြော်ပြီးတဲ့အခါ ပန်းကန်ပြားထဲသို့ ဆယ်ထည့်ထားပါ။

၄။ အာလူးကတ်သလိတ် ၁၆ ခုစလုံး ကုန်အောင်ကြော်ပေးလိုက်ပါ။ ဒါဆိုရင်တော့ အရသာရှိတဲ့ ချိစ်အရသာ ဝက်ပေါင်ခြောက် အာလူးကတ်သလိတ်လေး ရရှိသွားပါပြီ။ မိမိနှစ်သက်ရာအချဉ်ရည်ဖြင့် အရသာရှိရှိသုံးဆောင်နိုင်ပါတယ်။

ထမင်းနဲ့ တွဲဖက်စားသုံးလို့လည်း ရသလို သွားရေစာမုန့်အနေနဲ့ သူ့ချည်းပဲ စားသုံးမယ်ဆိုလည်း စားသုံးနိုင်တဲ့ ကျန်းမာရေးနဲ့ညီညွှတ်သောအစားအစာတစ်ခုပဲဖြစ်ပါတယ်။

Source : Yellowblissroad.com