အားလုံးပဲ မင်္ဂလာပါ။ အိမ်ရှင်မတွေအနေနဲ့ ဟင်းလျာချက်ပြုတ်ဖို့အတွက်ဆိုရင် အစားအစာများကို အရင်ဦးဆုံး လှီးဖြတ်ပြင်ဆင်ရမှာပဲဖြစ်ပါတယ်။ ကိုယ် ချက်မယ့် ဟင်းလျာပေါ် မူတည်ပြီး အစားအစာများ ပြင်ဆင်လှီးဖြတ်ပုံတွေကလည်း အမျိုးမျိုးကွဲပြားသွားတတ်ပါတယ်။

တစ်ခါတစ်လေမှာ အသားကို အတုံးကြီးကြီး လှီးရတာလည်း ရှိသလို အချိန်မရှိလို့ အကျက်မြန်ချင်တယ်ဆိုရင်တော့ အတုံးသေးသေးလေး တုံးတာပဲဖြစ်ဖြစ် နုပ်နုပ်စဉ်းတာပဲဖြစ်ဖြစ် ပုံစံအမျိုးမျိုးခုတ်ထစ်ရပါတယ်။

ဟင်းလျာတစ်ပွဲ ချက်ပြုတ်ပြင်ဆင်တဲ့အခါမှာလည်း ကြက်သွန်ဖြူနဲ့ ကြက်သွန်နီက မပါမဖြစ်ပါပဲ။ ကြက်သွန်ဖြူ လှီးရတဲ့အခါ စိတ်မညစ်ရပေမယ့် ကြက်သွန်နီလှီးဖြတ်ရပြီဆိုရင်တော့ မျက်ရည်ကျရတဲ့အထိ စိတ်ညစ်ရပါတယ်။ ကြက်သွန်နီ ခွာပြီး လှီးဖြတ်တိုင်း စိတ်မညစ်ချင်ဘူးဆိုရင်တော့ မခွာခင် ၁၅ မိနစ်အလိုမှာကတည်းက ကြက်သွန်နီကို ရေခဲသေတ္တာထဲမှာ ထည့်ထားရပါမယ်။

ပြီးရင်တော့ အခုဆက်ဖော်ပြပေးမယ့် နည်းလမ်းလေးတွေနဲ့ ကြက်သွန်နီကို အမြန်လှီးလို့ရပါပြီ။

ကြက်သွန်နီလှီးတဲ့အခါ ပုံထဲက ပြထားတဲ့အတိုင်း ကြက်သွန်နီရဲ့ အပေါ်သားကနေပြီးတော့ အလွှာလိုက် လှီးချတာကိုတော့ ရှောင်ကြဉ်သင့်ပါတယ်။ ဒီလိုဘာလို့ မလှီးသင့်လဲဆိုတော့ သင့်ရဲ့ လက်ချောင်းများ မတော်တဆထိရှနိုင်တဲ့အတွက်ကြောင့်ပဲဖြစ်ပါတယ်။

နည်းမှန် လမ်းမှန် လှီးဖြတ်နည်းကတော့…

အရင်ဦးဆုံး ကြက်သွန်နီ အခွံမခွာခင်မှာ ထိပ်နှစ်ဖက်ကို ဓားနဲ့ အရင်လှီးလိုက်ပါ။

ပြီးရင် ကြက်သွန်နီရဲ့ အလယ်တည့်တည့်ကို ဓားနဲ့ ထက်ခြမ်း ခြမ်းလိုက်ပါ။

ထို့နောက် ကြက်သွန်နီကို ခပ်ထူထူလေး လှီးဖြတ်လိုက်ပါ။

ကြက်သွန်နီထူထူလေးကို တစ်ဖက်သို့ လှန်လိုက်ပြီး နုပ်နုပ်စဉ်းလိုက်ပါ။

ဒါဆိုရင်တော့ အချိန်တိုအတွင်း လွယ်လွယ်ကူကူနဲ့ လျင်မြန်စွာ လှီးဖြတ်နိုင်ပြီပဲဖြစ်ပါတယ်။ ကြက်သွန်တုံးများကို မိမိစိတ်တိုင်းကျတဲ့ အနေအထားရသည်အထိ နုပ်နုပ်စဉ်းပေးနိုင်ပါသေးတယ်။

ကြက်သွန်နီလှီးပြီးသွားလို့ လက်မှာ ကြက်သွန်နီအနံ့ နံနေတယ်ဆိုရင်တော့ လက်ကို ရေဆေးတဲ့အခါ သံချေးမတက်တဲ့ Stainless Steel နဲ့ သင့် လက်ချောင်းများကို ပွတ်တိုက်ပေးလိုက်ပါ။ ကြက်သွန်နီအနံ့တွေ ယူပစ်သလို ပျောက်သွားပါလိမ့်မယ်။

Source: Thespruceeats.com