အစားအစာတွေက အရသာ ပျက်စီးသွားလို့ဆိုပြီး အလဟဿလွှင့်ပစ်လိုက်မယ်ဆိုရင် အင်မတန်မှ နှမြောဖို့ကောင်းပါတယ်။ မလွှင့်ပစ်ဘဲနဲ့ အရသာကောင်းမွန်တဲ့အစားအစာများအဖြစ် ပြန်လည်ဖန်တီးနိုင်တဲ့ နည်းလမ်းများစွာရှိပါတယ်။

စာဖတ်သူတို့ စိတ်ဝင်စားမယ်ဆိုရင်တော့ အခုဖော်ပြပေးမယ့်နည်းလမ်းများကို အတူတူလေ့လာကြည့်လိုက်ရအောင်။

ပေါင်မုန့်မီးကင်က တူးသွားတဲ့အခါ

ပေါင်မုန့်မီးကင်က ကြွပ်ရွတာထက် ကျော်လွန်ပြီးတော့ တူးသွားတဲ့အခါ မလွှင့်ပစ်လိုက်ပါနဲ့ ပေါင်မုန့်နှစ်ချပ်ရဲ့မျက်နှာပြင်နှစ်ဖက်ကို ပွတ်တိုက်ပေးလိုက်ပါ။ ဒါဆိုရင် ပေါင်မုန့်မီးကင်ရဲ့ချိုးတူးတွေက ပျောက်ကွယ်သွားပါလိမ့်မယ်။

အဆီများတဲ့ဟင်းရည်ကို ဘယ်လိုပြန်ပြင်ရမလဲ

အဆီတွေ ဝေ့တက်နေတဲ့ ဟင်းပွဲတွေကို ကြည့်ပြီး စိတ်မပျက်လိုက်ပါနဲ့။ ရေခဲတုံးအသုံးပြုပြီး ပြန်လည်ပြင်ဆင်နိုင်ပါသေးတယ်။

ယောက်ချိုဇွန်းအကြီးထဲသို့ ရေခဲတုံးများ ထည့်ပြီးနောက် ဟင်းရည်ရဲ့အပေါ်ယံမျက်နှာပြင်ကို ဇွန်းအောက်ခြေဖြင့် ထိတယ်ဆိုရုံလေးပဲ ထိကာ စက်ဝိုင်းပုံသဏ္ဍာန် မွှေပေးလိုက်ပါ။

မိနစ်အနည်းငယ်ကြာမွှေပြီးတဲ့အခါ ဟင်းရည်ရဲ့အဆီများက ဇွန်းအောက်ခြေမှာ သွားကပ်နေပါလိမ့်မယ်။ ထိုအခါ ဓားဖြင့် အလွယ်တကူခွာပေးလိုက်ရုံပါပဲ။

ဒါဆိုရင်တော့ သင့်ရဲ့ဟင်းလျာထဲကအဆီတွေ တမဟုတ်ချင်း ပျောက်ကွယ်သွားပါလိမ့်မယ်။

ထမင်းပေါင်းအိုးနဲ့ ထမင်းတည်တဲ့သူတွေအနေနဲ့ အခန့်မသင့်လို့ ရေများပြီး ထမင်းပျော့ပြဲသွားတဲ့အခါ

ထမင်းပေါင်းအိုးထဲသို့ ပေါင်မုန့်တစ်ချပ်ထည့်ကာ မိနစ်အနည်းငယ်ခန့် ပြန်တည်ထားလိုက်ပါ။

ပေါင်မုန့်ချပ်က ပိုလျှံနေတဲ့ရေတွေကို စုပ်ယူပေးနိုင်ပါတယ်။

ဒါဆိုရင်တော့ သင့်ရဲ့ထမင်းက ပျော့ပြဲမနေတော့ဘဲ ပုံမှန်အနေအထားအတိုင်း ပြန်လည်ရရှိနိုင်ပါတယ်။

ဆီကြီးစော် နံနေတဲ့အာလူးကြော်ကို ကြွပ်ကြွပ်ရွရွလေးနဲ့ စားကောင်းလို့ ဘယ်လိုပြန်ပြင်ရမလဲ

အာလူးကြော်များကို ပန်းကန်လုံးတစ်လုံးထဲ ထည့်ပါ။ ထိုပန်းကန်လုံးနဲ့အတူ ရေ ဖန်ခွက်တစ်ခွက်ခန့် ထည့်ပြီးနောက် မိုက်ခရိုဝေ့ဖ်ထဲမှာ ၂ မိနစ်ခန့် ပြန်လည်အပူပေးလိုက်ပါ။

ဒါဆိုရင်တော့ သင့်ရဲ့အာလူးကြော်က ဆီကြီးနံ့ နံနေတာ ပျောက်သွားပြီး ကြွပ်ကြွပ်ရွရွလေးဖြစ်သွားပါလိမ့်မယ်။

သကြားဖြူ (သို့) သကြားညိုတွေက အမှုန့်လေးတွေ မဟုတ်တော့ဘဲ အတုံးအခဲကြီးအဖြစ် ပြောင်းသွားတဲ့အခါ

သကြားအတုံးအခဲများကို ပန်းကန်လုံးတစ်လုံးထဲထည့်ပါ။ တစ်သျှူးအုပ်ပါ။ တစ်သျှူးပေါ်သို့ ရေဖြန်းလိုက်ပါ။ ထို့နောက် မိုက်ခရိုဝေ့ဖ်ထဲတွင် စက္ကန့် ၂၀ ခန့် ထည့်ကာ အပူပေးလိုက်ပါ။ ဒါဆိုရင်တော့ သင့်ရဲ့သကြားခဲတွေ ပျောက်ကွယ်သွားပြီး သကြားမှုန်လေးတွေပဲ ကျန်ခဲ့ပါလိမ့်မယ်။

Source: Blossom