မီးဖိုချောင်ထဲမှာ ဟင်းချက်တဲ့အခါ မီးခိုးနံ့တွေ၊ ဟင်းနံ့တွေ၊ တူးနံ့တွေက မီးဖိုခန်းနဲ့ အိမ်ခန်းထဲမှာ ကပ်ငြိနေတတ်ပါတယ်။ ဟင်းချက်ပြီးသွားတာတောင်မှ သင့်အိမ်ထဲက မီးခိုးနံ့တွေက မပျောက်သေးလို့ စိတ်ညစ်နေပါသလား။

အခုဖော်ပြပေးမယ့် နည်းလမ်းကောင်းလေးတွေကို အသုံးပြုကြည့်လိုက်ပါ။ ဟင်းချက်တိုင်းမှာ မီးခိုးနံ့တွေ ကပ်ငြိနေမှာမဟုတ်တော့ပါဘူး။

ရှာလကာရည်

လိုအပ်မယ့် ပစ္စည်းကတော့ ရှာလကာရည် ၂၅၀ မီလီလီတာနဲ့ ရေ ၂၅၀ မီလီလီတာတို့ လိုအပ်ပါလိမ့်မယ်။ ရေနဲ့ ရှာလကာရည်ကို သမအောင် ရောမွှေပြီး စပရေးဘူးထဲ ထည့်လိုက်ပါ။ ထိုစပရေးဘူးကို မီးခိုးနံ့နံနေတဲ့နေရာတစ်ဝိုက်မှာ ပက်ဖြန်းပေးလိုက်ပါ။

မုန့်ဖုတ်ဆိုဒါ

မုန့်ဖုတ်ဆိုဒါများကို ကော်ဇောပေါ်နဲ့ မီးခိုးနံ့နံနေသော နေရာတစ်ဝိုက်မှာ ဖြူးထားလိုက်ပါ။ တစ်ရက်ကြာမှ ဖုန်စုပ်စက်နဲ့ သန့်ရှင်းရေးလုပ်ပေးလိုက်ပါ။ မုန့်ဖုတ်ဆိုဒါက မီးခိုးနံ့တွေကို စုပ်ယူပေးသွားပါလိမ့်မယ်။

လာဗန်ဒါအဆီ

လိုအပ်မယ့်ပစ္စည်းတွေကတော့ လာဗန်ဒါအဆီ ၁၅ စက်၊ အစက် ၂၀ ခန့်နဲ့ ရေ ၂၅၀ မီလီလီတာတို့ လိုအပ်ပါလိမ့်မယ်။ လာဗန်ဒါအဆီနဲ့ ရေတို့ကို သမအောင် ရောနှောပြီးနောက် စပရေးဘူးထဲထည့်ကာ မီးခိုးနံ့နံနေသောနေရာတစ်ဝိုက်တွင် ပက်ဖြန်းပေးလိုက်ပါ။

လာဗန်ဒါအနံ့က သင့်မီးဖိုချောင်ခန်းနဲ့ အိမ်ခန်းကို မွှေးပျံ့သွားစေပြီး စိတ်ဖိစီးမှုကို ပြေလျော့စေပါတယ်။ တကယ်လို့ သင်က ညဘက် တော်တော်နဲ့ အိပ်မပျော်တဲ့သူဆိုရင်လည်း အခုဖော်ပြပေးသွားတဲ့ စပရေးလေးကို သင့် အိပ်ခန်းထဲ ပက်ဖြန်းထားနိုင်ပါသေးတယ်။

ကြက်သွန်နီ

ကြက်သွန်နီ ၂ လုံး၊ ၃ လုံးခန့်ကို ထက်ခြမ်းခြမ်းပြီး ပန်းကန်လုံးထဲထည့်ထားကာ မီးဖိုချောင်ရဲ့ထောင့်ကျကျနေရာမှာ ထားထားလိုက်ပါ။ တစ်ညခန့်ထားပြီး မနက်မိုးလင်းလာမှ သွန်ပစ်လိုက်ပါ။

ကြက်သွန်နီက မီးဖိုချောင်ထဲက အနံ့အားလုံးကို စုပ်ယူပေးနိုင်တာကြောင့် သင့်အိမ်ခန်းက မီးခိုးနံ့တွေ နံနေမှာမဟုတ်တော့ပါဘူး။

ယူကလစ်ပင်ရဲ့အဆီ

ယူကလစ်အဆီ ၁၅ စက်၊ အစက် ၂၀ ခန့်ကို ရေ ၂၅၀ မီလီလီတာနဲ့ ရောနှောပေးလိုက်ပါ။ ထို့နောက် စပရေးဘူးထဲ ပြောင်းထည့်ပြီးနောက် မီးခိုးနံ့နံနေသော နေရာများတွင် ပက်ဖြန်းပေးလိုက်ပါ။

Source: Stylecraze.com