အစားအသောက်တွေ လတ်လတ်ဆတ်ဆတ်နဲ့ တာရှည်ခံဖို့အတွက် သိမ်းဆည်းထားနိုင်တဲ့ နေရာကတော့ ရေခဲသေတ္တာပဲဖြစ်ပါတယ်။ ရေအေးအေးလေးသောက်ချင်တဲ့အခါ အသီးဖျော်ရည် အေးအေးလေး သောက်ချင်တဲ့အခါ တွေမှာ ရေခဲသေတ္တာက အင်မတန်အသုံးဝင်ပါတယ်။

ရေခဲသေတ္တာထဲမှာ အစားအသောက်တွေကို စနစ်တကျသိုလှောင်သိမ်းဆည်းထားမယ်ဆိုရင် အစားအသောက်ရဲ့ အရသာနဲ့ အာဟာရပျက်ပြယ်သွားခြင်းမရှိတဲ့အပြင် ရေခဲသေတ္တာလည်း နှစ်တွေအကြာကြီး အသုံးပြုနိုင်မှာပဲဖြစ်ပါတယ်။

ဒီဆောင်းပါးလေးထဲမှာတော့ သင့် အိမ်က ရေခဲသေတ္တာကို နှစ်တွေအကြာကြီး အသုံးပြုနိုင်ဖို့အတွက် ထိန်းသိမ်းစောင့်ရှောက်ရမယ့် နည်းလမ်းအချို့ကို လမ်းညွှန်ပေးမှာပဲဖြစ်ပါတယ်။

မီးဖိုချောင်သုံးပစ္စည်းများကို ပူးကပ်မထားပါနဲ့

Source: kbrdesign.net

သင့် မီးဖိုချောင်ထဲမှာ နေရာလွတ်များများရှိတယ်ဆိုရင် သင့်ရဲ့ ရေခဲသေတ္တာကို မီးဖိုများ၊ Oven များနဲ့ ဝေးဝေးမှာ ထားပေးလိုက်ပါ။ မီးဖိုနဲ့ Oven ထဲက ထွက်ရှိတဲ့ အပူတွေက ရေခဲသေတ္တာကို အထဲမှာအေးနေအောင် ပိုအလုပ်လုပ်ခိုင်းပါတယ်။ ရေခဲသေတ္တာက ဝန်ပိုတဲ့အလုပ်တွေ လုပ်ရတဲ့အခါ သူ့ရဲ့ သက်တမ်းပြည့်အောင် သုံးနိုင်မှာ မဟုတ်တော့ပါဘူး။

ရေခဲသေတ္တာတံခါးကို အချိန်အကြာကြီးဖွင့်ထားခြင်းမှ ရှောင်ကြဉ်ပါ

Source: flickr.com

ရေခဲသေတ္တာရှေ့မှာ တံခါးကြီးဖွင့်ပြီး စားသုံးခြင်း၊ ရေခဲသေတ္တာတံခါး သေချာမပိတ်ခြင်း၊ ပိတ်ဖို့မေ့သွားခြင်း စတဲ့ အခြေအနေမျိုး ကြုံတွေ့ရတဲ့အခါ သင့် ရေခဲသေတ္တာထဲက လေအေးတွေက အပြင်ကို ထွက်သွားတတ်ပါတယ်။ ဒါဆိုရင်တော့ အခန်းထဲမှာ အေးနေအောင် ရေခဲသေတ္တာက ပိုအလုပ်လုပ်ရပါတော့မယ်။ ဒါ့ကြောင့် ရေခဲသေတ္တာတံခါးကို စက္ကန့်ပိုင်းလောက်သာ အဖွင့်အပိတ်ပြုလုပ်ပေးရပါမယ်။

ရေခဲသေတ္တာ တံခါးဘောင်တွေကို သန့်ရှင်းရေးလုပ်ပါ

Source: .today.com

ရေခဲသေတ္တာ တံခါးရဲ့ ဘေးပတ်ပတ်လည်မှာ ရာဘာအတုံးလေးနဲ့ ဘောင်ကွတ်ထားတာကို တွေ့ရပါလိမ့်မယ်။ ထိုရာဘာအနားသတ် ညစ်ပတ်ပေရေသွားတဲ့အခါ သန့်ရှင်းရေးလုပ်ရပါမယ်။ ရေနွေးနွေးလေးထဲ ဆပ်ပြာရည်ရောထည့်လိုက်ပြီး ဘရက်ရှ် (သို့) သွားတိုက်တံအဟောင်းနဲ့ တံခါးဘောင်တွေကို သန့်ရှင်းအောင် ပြုလုပ်လိုက်ပါ။

ပူတဲ့အစားအစာများကို ရေခဲသေတ္တာထဲ ချက်ချင်းမထည့်ပါနဲ့

Source: skymetweather.com

ဒီအချက်ကတော့ အထက်က ဖော်ပြခဲ့တဲ့အချက်တွေနဲ့ အတူတူပါပဲ။ ပူတဲ့အစားအစာတွေကို ရေခဲသေတ္တာထဲ ချက်ချင်းထည့်မယ်ဆိုရင် အစားအစာရဲ့ အပူကြောင့် ရေခဲခန်းက ပူနွေးသွားတာကြောင့် ပြန်အေးသွားအောင် အလုပ်ပိုလုပ်ရပါလိမ့်မယ်။ ဒါ့ကြောင့် ပူတဲ့အစားအစာတွေကို အခန်းအပူချိန်ထဲမှာ အအေးခံပြီးမှ ရေခဲသေတ္တာထဲ ထည့်သိမ်းရပါမယ်။