အာဟာရဓာတ်များ ပေါများသိပ်သည်းစွာပါဝင်တဲ့  အစားအစာတစ်ခုဖြစ်တဲ့ ရွှေဖရုံသီးက အသီးသာမက အစေ့များလည်း စားသုံးနိုင်ပါတယ်။ ရွှေဖရုံသီးက ဗီတာမင်နဲ့ သတ္တုဓာတ်တို့ ကြွယ်ဝတဲ့အပြင် ကယ်လိုရီဓာတ်လည်း နည်းပါးပါတယ်။

ရွှေဖရုံသီးဟင်း၊ ရွှေဖရုံသီးဟင်းချို စသည်ဖြင့် ပုံသဏ္ဍာန်မျိုးစုံလုပ်စားနိုင်တဲ့အပြင် ဒီအခါမှာတော့ ရွှေဖရုံသီးအနှစ်ကို ဘယ်လိုပြုလုပ်ရမလဲဆိုတာ ဝေမျှပေးချင်ပါတယ်။

အဆင့် (၁)

အရင်ဆုံး ရွှေဖရုံသီးတစ်လုံးကို သေသေချာချာရွေးချယ်လိုက်ပါ။ ထို့နောက် ထက်ခြမ်း ခြမ်းလိုက်ပါ။

အဆင့် (၂)

အသီးထဲက အစေ့နဲ့ အမျှင်များကို ဇွန်းဖြင့် ခပ်ထုပ်လိုက်ပါ။ တစ်ကယ်လို့ သင်က ရွှေဖရုံစေ့လှော်ကို ကြိုက်နှစ်သက်တယ်ဆိုပါက ထိုအစေ့ကို ရေဆေးပြီး အခြောက်ခံထားကာ သိမ်းထားလိုက်ပါ။

အဆင့် (၃)

ထို့နောက် ရွှေဖရုံသီးပေါ်ကို ဆားများဖြူးထားလိုက်ပါ။ ထို့နောက် Oven ထဲထည့်မယ့် လင်ဗန်းပေါ်မှာ ဆီစုပ်စက္ကူလေး တင်ထားပြီး ထိုစက္ကူပေါ်မှာ ရွှေဖရုံသီးကို အုပ်ပြီး တင်ထားလိုက်ပါ။ ထို့နောက် ၄၀၀ ဒီဂရီဖာရင်ဟိုက်ရှိသော အပူချိန်ထဲတွင် မိနစ် ၃၀ ခန့် ထည့်ထားလိုက်ပါ။

အဆင့် (၄)

အချိန်ပြည့်ပါက ရွှေဖရုံသီးရဲ့အသားများကို ဇွန်းဖြင့် ခပ်ထုတ်လိုက်ပါ။

အဆင့် (၅)

ရရှိလာတဲ့ ရွှေဖရုံသီးအသားများကို သစ်သီးဖျော်စက်ထဲထည့်ပြီး ခလုတ်ကို ဂိတ်ဆုံးထိဖွင့်ထားကာ ၃ မိနစ်၊ ၄ မိနစ်ခန့် မွှေပေးလိုက်ပါ။

သင်က တကယ်လို့ ပြုလုပ်ပြီးတာနဲ့ ချက်ချင်းအသုံးပြုမယ်ဆိုရင်တော့ ပန်းကန်ပြားထဲ တစ်ခါတည်းပြောင်းထည့်ထားလိုက်ပါ။ နှစ်ရက်၊ သုံးရက်လောက် ထားချင်တယ်ဆိုရင်တော့ အလုံပိတ်ဘူးထဲမှာ ထည့်ထားပြီး ရေခဲသေတ္တာထဲ ထည့်သိမ်းထားလိုက်ပါ။ တစ်ပတ်တိတိအထားခံပါတယ်။

ရွှေဖရုံသီးအနှစ်များကို ပလပ်စတစ်အိတ်ထဲထည့်ထားပြီး ရေခဲသေတ္တာထဲမှာ အေးခဲနေအောင် ထားထားမယ်ဆိုရင်တော့ တစ်လတိတိအထားခံပါတယ်။

Source: Jessicagavin.com