အခုလို Stay Home ကာလမှာ တစ်ပတ်စာ၊ နှစ်ပတ်စာ၊ တစ်လစာ ဟင်းသီးဟင်းရွက်နဲ့ အစားအစာများကို ကြိုတင်ဝယ်ခြမ်းထားသင့်ပါတယ်။ ထိုကဲ့သို့ အများကြီး ဝယ်ပြီးသိမ်းဆည်းထားပေမယ့် ဟင်းသီးဟင်းရွက်များက တစ်ရက်၊ နှစ်ရက်လောက်ကြာတာနဲ့ ပုပ်သွားတာမျိုး၊ နွမ်းဖတ်သွားတာမျိုးဖြစ်နေလို့ စိတ်ညစ်ရတတ်ပါတယ်။

အိမ်ရှင်မတို့အတွက် ထိုပြဿနာများကို ဖြေရှင်းပေးပြီး ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံများကို ကြာရှည်ခံအောင် ဘယ်လို သိမ်းဆည်းထားသင့်လဲဆိုတဲ့ နည်းလမ်းကောင်းလေးများ ဝေမျှပေးချင်ပါတယ်။

မုန်လာဥနီနဲ့ တရုတ်နံနံတို့ကို ကြာရှည်ခံအောင် ထိန်းသိမ်းကြရအောင်။

အရင်ဦးဆုံး မုန်လာဥနီနဲ့ တရုတ်နံနံတို့ကို အချောင်းလိုက်လှီးဖြတ်ပြီးနောက် ဖန်ပုလင်းတစ်လုံးတွင် မုန်လာဥနီများ ထည့်ပါ။ ကျန်ဖန်ပုလင်းတစ်လုံးတွင် တရုတ်နံနံများထည့်ပါ။ ထိုပုလင်းထဲသို့ ဟင်းရွက်များမြှုပ်သွားသည်အထိ ရေထည့်လိုက်ပါ။ ထို့နောက် ဖန်ပုလင်းကို လုံအောင် ဖုံးထားလိုက်ပါ။

ရေထိနေသောကြောင့် ထိုတရုတ်နံနံက နှစ်ပတ်တိတိ လတ်ဆတ်နေမှာဖြစ်ပြီး မုန်လာဥနီကတော့ တစ်လကြာသည်အထိ အထားခံပါလိမ့်မယ်။

စတော်ဘယ်ရီသီးများ

အချို့စတော်ဘယ်ရီသီးမှာ အပြစ်အနာအဆာများ ပါတတ်ပါတယ်။ ထိုစတော်ဘယ်ရီသီးများကို မလွှင့်ပစ်ဘဲ ရေခဲရေထဲတွင် မိနစ် ၂၀ ခန့် စိမ်ထားလိုက်ပါ။ ထိုအမဲစက်အပြစ်အနာအဆာများ ပျောက်ကွယ်သွားပြီး အသီးက တင်းတင်းရင်းရင်းလေးနဲ့ အရောင်တောက်ပလာပါလိမ့်မယ်။

နံနံပင်နှင့် အခြားအမွှေးအကြိုင်အရွက်များ အလွယ်တကူညှိုးနွမ်းခြောက်သွေ့နေလို့ စိတ်ညစ်နေပါသလား။

ထိုအရွက်များ မနွမ်းခင်ကတည်းက ရေခဲတုံးပုံစံခွက်ထဲ ခြွေထည့်ထားပါ။ ထို့နောက် သံလွင်ဆီထည့်လိုက်ပါ။ ပြီးရင်တော့ ရေခဲသေတ္တာထဲ အအေးခံထားလိုက်ပါ။

ငှက်ပျောသီးအခွံများကို အကျိုးရှိအောင် ဘယ်လိုအသုံးချရမလဲ။

စားပြီးသားငှက်ပျောသီးရဲ့ အခွံများကို ဖန်ပုလင်းထဲထည့်ကာ ရေအပြည့်ဖြည့်ပြီးနောက် အဖုံးအုပ်ပါ။ ထို့နောက် ၂ ရက်တိတိ စိမ်ထားလိုက်ပါ။ သတ်မှတ်ရက်ပြည့်တဲ့အခါမှာတော့ ထိုရေကို သဘာဝဓာတ်မြေသြဇာအဖြစ် အသုံးပြုနိုင်ပါတယ်။

သံပုယိုသီး၊ သံပုရာသီးတွေ ခြောက်သွားတာမျိုး (သို့) ပုပ်သွားတာမျိုးမဖြစ်ရလေအောင်

သံပုယိုသီး၊ သံပုရာသီးတို့ကို အရည်ညှစ်ထားပြီးနောက် ရေခဲတုံးပုံစံခွက်ထဲ ထည့်ကာ အအေးခံထားလိုက်ပါ။ လိုအပ်တဲ့အချိန်မှာ ထိုသံပုရာသီးရေခဲတုံးများကို အလွယ်တကူထုတ်သုံးနိုင်ပါတယ်။

အာလူးများကို ဘယ်လိုသစ်သီးမျိုးနဲ့အတူတူ တွဲဖက်ထားသင့်သလဲ

ပန်းသီးနဲ့ တွဲဖက်ကာ သိမ်းဆည်းထားမယ်ဆိုရင် သင့်ရဲ့အာလူးများက အချိန်ကြာပေမယ့်လည်း အညှောင့်ထွက်လာမှာ မဟုတ်ပါဘူး။ လတ်လတ်ဆတ်ဆတ် အထားခံပါတယ်။

Source: Honest Miracle Family Organics