သံပုယိုသီး၊ သံပုရာသီးတို့က ဘယ်လောက်ပဲ အက်ဆစ်ဓာတ်များတယ်ပြောပြော အခြားသစ်သီးတွေလိုပဲ ပုပ်သွားတတ်ပါတယ်။ သံပုယိုသီးအခွံက အညိုရောင်အကွက်များ ထလာခြင်း၊ ပျော့စိစိဖြစ်သွားခြင်း စသည်တို့က သံပုယိုသီးရဲ့အရသာ ပြောင်းလဲသွားတော့မှာဖြစ်ကြောင်း ဖော်ပြနေတဲ့ လက္ခဏာရပ်တွေပဲဖြစ်ပါတယ်။

သံပုယိုသီးများ အလျင်အမြန်ပုပ်သွားမယ့် ဖြစ်ရပ်မျိုးကို ရှောင်ကြဉ်နိုင်ဖို့ရန်အတွက် အခုဖော်ပြပေးမယ့် နည်းလမ်းလေးတွေကို သိထားသင့်ပါတယ်။

သံပုယိုသီးများကို တစ်လတိတိအထားခံချင်တယ်ဆိုရင်

အသီးများကို အလုံပိတ်အိတ်ထဲမှာ လေမဝင်အောင် သေချာထုပ်ပိုးပြီးနောက် ရေခဲသေတ္တာထဲ ထည့်သိမ်းထားလိုက်ပါ။

သံပုယိုသီးကို အမှည့်မြန်ချင်တယ်ဆိုရင် ဘယ်လိုထားသိုရမလဲ

ဈေးထဲက ဝယ်လာတဲ့သံပုယိုသီးက မမှည့်သေးတဲ့အစိမ်းရောင်ကနေ ဝင်းမှည့်သွားတဲ့ အဝါရောင်အဖြစ် မြန်မြန်ပြောင်းလဲချင်တယ်ဆိုရင် နေရောင်နဲ့ တိုက်ရိုက်ထိတွေ့တဲ့နေရာမှာ ထားပေးလိုက်ပါ။ ၂ ရက် ၃ ရက်ကြာတာနဲ့ မှည့်သွားပါလိမ့်မယ်။

နေရောင်ခြည်နဲ့ တိုက်ရိုက်ထိတွေ့တဲ့နေရာမှာ မထားဘဲ အခန်းအပူချိန်ထဲမှာပဲ ထားသိုမယ်ဆိုရင်တော့ တစ်ပတ်ကြာမှ အဝါရောင်ပြောင်းလာပါလိမ့်မယ်။

လှီးဖြတ်ပြီးသား သံပုယိုသီးကို ဘယ်လိုသိမ်းဆည်းထားရမလဲ

လှီးဖြတ်ထားတဲ့နေရာကို လေနဲ့ထိတွေ့မှုမရှိအောင် ပန်းကန်ပြားတစ်ချပ်ပေါ်မှာ မှောက်ခုံထားကာ သိမ်းဆည်းထားလိုက်ပါ။ ဒါမှမဟုတ် လေမထိအောင် ကြွပ်ကြွပ်အိတ်ဖြင့် ပိတ်ထားလိုက်ပါ။ (သို့) အလုံပိတ်ဘူးထဲမှာ ထည့်သိမ်းထားနိုင်ပါတယ်။

လေနဲ့ ထိတွေ့တဲ့အခါမှာ ဓာတ်တိုးဓာတ်ပြုမှုကြောင့် သံပုယိုသီးရဲ့အရည်များ ဆုံးရှုံးသွားတတ်ပါတယ်။

လှီးပြီးသားသံပုယိုသီးကို ၂ ရက်၊ ၃ ရက်ခန့် အထားခံချင်တယ်ဆိုရင်တော့ ပန်းကန်ပြားပေါ်မှာ မှောက်ခုံတင်ထားပြီးနောက် ရေခဲသေတ္တာထဲထည့်ထားလိုက်ပါ။

အကွင်းလိုက်လှီးထားသော သံပုယိုကွင်းများကို ဘယ်လိုသိမ်းထားရမလဲ

ဖျော်ရည်တစ်ခုခုဖျော်သောက်တဲ့အခါ သံပုယိုကွင်းများနဲ့ လှလှပပအလှဆင်လို့ရတယ်ဆိုတာကို အားလုံးသိပြီးသားဖြစ်ပါတယ်။ ဖျော်ရည်ဖျော်သောက်ခါနီးမှ လှီးဖြတ်တာမျိုးမလုပ်ချငဘဲ ကြိုတင်လှီးဖြတ်ထားချင်သူများအနေနဲ့ အဆင်သင့်ပြုလုပ်ထားတဲ့ သံပုယိုကွင်းကို ဆီစုပ်စက္ကူပေါ်မှာ တစ်ခုနဲ့တစ်ခုမထိကပ်စေဘဲ တင်ထားလိုက်ပါ။ ထို့နောက် ရေခဲသေတ္တာရဲ့ အအေးခန်းထဲမှာ ထည့်သိမ်းထားလိုက်ပါ။

ပိုလျှံနေတဲ့ သံပုယိုရည်များကို ဘယ်လိုသိမ်းထားရမလဲ

ပိုလျှံနေတဲ့ သံပုယိုရည်များကို ခွက်ထဲထည့်မသိမ်းပါနဲ့။ ခွက်ထဲထည့်သိမ်းထားမယ်ဆိုရင်တော့ ရက်အတော်ကြာတဲ့အခါ သူ့ရဲ့အရသာရော အနံ့ရောက ပျက်စီးသွားတတ်ပါတယ်။ အဲ့ဒါကြောင့် ရေခဲတုံးပုံစံခွက်ထဲ ထည့်ထားပြီးနောက် သံပုယိုသီးရေခဲတုံးများဖြစ်သွားအောင် အအေးခံထားလိုက်ပါ။

Source: Wikihow.com