အာလူးတွေက အခြားသော ဟင်းသီးဟင်းရွက်နဲ့ အစားအစာတွေထက်စာရင် တာရှည်ပိုခံတဲ့အစားအစာတွေပဲဖြစ်ပါတယ်။ ဘယ်လောက်ပဲ တာရှည်ခံတယ်ဆိုပေမယ့်လည်း အညှောင့်‌ပေါက်ချိန်တန်ရင်တော့ အညှောင့်ထွက်လာမှာပဲဖြစ်ပါတယ်။ တကယ်လို့ သင်က တစ်လနှင့် တစ်လအထက် အညှောင့်မပေါက်စေဘဲ ကြာကြာအထားခံချင်တယ်ဆိုရင်တော့ စနစ်တကျသိုလှောင်သိမ်းဆည်းထားဖို့လိုအပ်ပါလိမ့်မယ်။

အာလူးကို ခြင်းတောင်းထဲမှာ သိမ်းဆည်းထားမယ်ဆိုရင်တော့ လေးလကနေ ခြောက်လအထိ တာရှည်ခံမှာပဲဖြစ်ပါတယ်။

လိုက်နာရမယ့် နည်းစနစ်ကတော့ မခက်ခဲလှပါဘူး။

အရင်ဦးဆုံး မိမိဝယ်လာတဲ့ အာလူးမှာ အပြစ်အနာအဆာရှိ မရှိစစ်ကြည့်ပေးရပါမယ်။ မှိုများ၊ ပေါက်တူးဒဏ်ရာများ၊ အမဲစက်များ စတဲ့ အပြစ်အနာအဆာမရှိတဲ့ အာလူးကသာလျှင် အချိန်အကြာကြီး အထားခံမှာပဲဖြစ်ပါတယ်။

ပြီးရင်တော့ အချိန်အကြာကြီး ထားရမယ့် အာလူးက လေဝင်လေထွက်ကောင်းကောင်း ရရှိဖို့ရန်အတွက် ခြင်းတောင်း (သို့မဟုတ်) စက္ကူအိတ်ထဲမှာ ထည့်ထားရပါမယ်။ ပလပ်စတစ်အိတ်ကတော့ အာလူးများ လေဝင်လေထွက်ရမှာမဟုတ်တဲ့အတွက်ကြောင့် ဝယ်လာတဲ့ဆိုင်က ပလပ်စတစ်အိတ်နဲ့ ထည့်ပေးလိုက်တယ်ဆိုရင်တောင် အိမ်ပြန်ရောက်ရင် ထိုအိတ်ကို ဖယ်လိုက်ပါ။

ခြင်းတောင်း (သို့) စက္ကူအိတ်ထဲ ထည့်ပြီးသွားပြီဆိုရင်တော့ ထိုအာလူးများကို အေးပြီး ခြောက်သွေ့ကာ နေအလင်းရောင် မရရှိတဲ့ မဲမှောင်သော နေရာမှာ ထာားထားရပါမယ်။

သတိထားရမယ့် တစ်ချက်ကတော့ အာလူးကို ရေခဲသေတ္တာထဲမှာ ဘယ်တော့မှ မသိုလှောင်ထားဖို့ပါပဲ။ ရေခဲသေတ္တာရဲ့ အေးခဲတဲ့အပူချိန်က အာလူးရဲ့ ကစီဓာတ်ကို သကြားဓာတ်အဖြစ် ပြောင်းလဲပစ်နိုင်လို့ပဲဖြစ်ပါတယ်။

ထိုကဲ့သို့ စနစ်တကျ သိမ်းထားလိုက်တာနဲ့ ပြီးပြီရောဆိုပြီး ပစ်ထားလို့ မရသေးပါဘူး။ အာလူးများ ပျော့သွားပြီလား၊ ညှိုးနွမ်းသွားပြီလား၊ အညှောင့်တွေ ပေါက်ကုန်ပြီလား စတဲ့အချက်တွေကို ပုံမှန်စစ်ဆေးပေးဖို့လိုပါတယ်။ တကယ်လို့ အာလူးတစ်လုံးလုံးက ပျော့သွားတဲ့အခါ၊ မကောင်းတော့တဲ့အခါ အခြားကျန်ရှိတဲ့ အာလူးများ မပျက်စီးဖို့အတွက် ထိုပျက်စီးနေသော အာလူးကို ချက်ချင်းဖယ်ရှားပစ်လိုက်ရပါမယ်။

အခုဖော်ပြပေးသွားတဲ့ အခြေခံအချက်လေးတွေကို သိထားမယ်ဆိုရင်တော့ အာလူးများများ ဝယ်ထားပြီး သိုလှောင်နိုင်ပါပြီ။ သင့် အာလူးက လေးလကနေ ခြောက်လအထိ တာရှည်အထားခံနေမှာပါ။

Source: Thespruceeats.com