အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာတော့ ထမင်းပူပူလေးနဲ့ လိုက်ဖက်တဲ့ ဟင်းရွက်စုံ ကြက်သားနှင့် ပဲပြားမွှေကြော်ဟင်းလျာ ချက်ပြုတ်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ကြက်ရင်အုံသား (သို့) ကြက်ပေါင်သား ၁၀၀ ဂရမ် (လေးထောင့်အတုံးသေး တုံးထားပါ)
  • ပဲပြား ၃၀၀ ဂရမ်
  • မုန်လာဥနီ ၃၀ ဂရမ်
  • မှိုခြောက် ၃ ပွင့် (ရေစိမ်ထားပါ)
  • ကြက်သွန်မြိတ် ၃၀ ဂရမ် (နုပ်နုပ်စဉ်းထားပါ)

  • ပဲသီး ၃၀ ဂရမ် (ပဲတောင့်ရှည် သို့မဟုတ် ပဲလုံးစိမ်း စသည်ဖြင့် အစားထိုးနိုင်ပါတယ်)
  • ကြက်ဥ ၂ လုံး (မွှေခလောက်ထားပါ)
  • နှမ်းဆီ စားပွဲတင်ဇွန်း ၁ ဇွန်း
  • သကြား စားပွဲတင်ဇွန်း ၁ ဇွန်း နှင့် ဆား လက်ဖက်ရည်ဇွန်းတစ်ဝက်
  • ပဲငံပြာရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်း နှင့် ဟင်းချက်ဝိုင် စားပွဲတင်ဇွန်း ၃ ဇွန်း

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ဒယ်အိုးတစ်လုံးထဲသို့ ရေထည့်ပြီး ရေနွေး ပွက်ပွက်ဆူလာအောင် တည်ထားပါ။ ရေနွေး ဆူလာပါက ပဲသီးကို တစ်မိနစ်ခန့် ထည့်ပြုတ်ပါ။ ထို့နောက် ပန်းကန်လုံးထဲသို့ ဆယ်ယူထည့်ပါ။

၂။ ထိုအိုးထဲတွင်ပင် ပဲပြားကိုလည်း တစ်မိနစ်ခန့် ထည့်ပြုတ်ပါ။ ထို့နောက် ပန်းကန်လုံးထဲသို့ ဆယ်ယူထားပါ။

၃။ မုန်လာဥနီကို အချောင်းလိုက် ပါးပါးလှီးထားပါ။ ရေစိမ်ထားသော မှိုကိုလည်း ပါးပါးလှီးထားပါ။

၄။ အခြားဒယ်အိုးတစ်လုံးကို အပူပေးပြီး နှမ်းဆီထည့်ပါ။ ကြက်သွန်မြိတ်ရဲ့ ဖြူသောအစိတ်အပိုင်းထည့်ပြီး အနံ့မွှေးလာသည်အထိ ဆီသတ်ပါ။

၅။ ကြက်သွန်မြိတ်က အညိုရောင်ပြောင်းသွားပါက မုန်လာဥနီထည့်ပါ။ မှိုထည့်ပြီး သမအောင် မွှေပါ။

၆။ ထို့နောက် ကြက်သားထည့်ကြော်ပါ။ ကြက်သား ကျက်သွားပြီဆိုရင်တော့ ပဲပြားထည့်ပြီး ပဲပြားကို အတုံးသေးသေးလေးများဖြစ်သွားအောင် ယောင်းမဖြင့် ချေပေးလိုက်ပါ။

၇။ ဟင်းအိုးထဲသို့ သကြား၊ ဆား၊ ပဲငံပြာရည်နှင့် ဟင်းချက်ဝိုင်တို့ထည့်ပြီး မွှေပေးလိုက်ပါ။

၈။ မိနစ်အနည်းငယ်ကြာပြီး ဟင်းရည်ခမ်းသွားပြီဆိုမှ မွှေခလောက်ထားသော ကြက်ဥထည့်ကာ မွှေကြော်ပေးလိုက်ပါ။

၉။ အရသာအပေါ့အငန်မြည်းကြည့်ပြီး မီးဖိုပေါ်က ချခါနီးကျမှ ပဲသီးထည့်ကာ နောက်ဆုံးတစ်ကြိမ် ထပ်မွှေပေးလိုက်ပါ။

ဒါဆိုရင်တော့ အရသာရှိတဲ့ ဟင်းရွက်စုံ ကြက်သား ပဲပြားမွှေကြော်ဟင်းလျာလေး ရရှိသွားပါပြီ။

Source : Cookingwithdog.com