အားလုံးပဲ မင်္ဂလာပါ။ အာလူး ကြက်သားဟင်းကို မြန်မာချက် မချက်ဘဲ ကိုရီးယားချက်နည်းနဲ့ ချက်စားချင်သူများအတွက် ပဲကြာဇံပါ ရောချက်ထားတဲ့ သီးစုံ ကြက်သားဟင်း ချက်ပြုတ်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ကြက်သား ၃ ပေါင် (အနေတော်အတုံး တုံးထားပါ)
  • ပဲကြာဇံ ၃ အောင်စ
  • အာလူး အလုံးကြီး ၂ လုံး
  • မုန်လာဥနီ ၁ လုံး
  • ကြက်သွန်နီ တစ်ခြမ်း

  • ရှီတာကီမှို ၄ ပွင့်
  • ကြက်သွန်မြိတ် ၂ ပင်
  • ငရုတ်သီးခြောက် အနီတောင့် ၃ တောင့်
  • ငရုတ်ပွ ၁ တောင့်
  • ပါးပါးလှီးထားသော ကြက်သွန်ဖြူ စားပွဲတင်ဇွန်း ၂ ဇွန်းနှင့် ဂျင်း လက်ဖက်ရည်ဇွန်း ၁ ဇွန်း

လိုအပ်သောဟင်းခပ်အမွှေးအကြိုင်များ

  • ပဲငံပြာရည် စားပွဲတင်ဇွန်း ၈ ဇွန်း
  • ခရုဆီ စားပွဲတင်ဇွန်း ၂ ဇွန်းနှင့် ဆန်ဝိုင် စားပွဲတင်ဇွန်း ၂ ဇွန်း
  • သကြားညို စားပွဲတင်ဇွန်း ၂ ဇွန်းနှင့် ပျားရည် စားပွဲတင်ဇွန်း ၃ ဇွန်း
  • ငရုတ်ကောင်းမှုန့် လက်ဖက်ရည်ဇွန်း ၄ ပုံ ၁ ပုံ
  • နှမ်းဆီ စားပွဲတင်ဇွန်း ၁ ဇွန်းနှင့် နှမ်းစေ့ လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ပဲကြာဇံကို ရေနွေးနွေးထဲတွင် မိနစ် ၃၀ ခန့် စိမ်ထားပါ။

၂။ ကြက်သားကို အနေတော်အတုံး တုံးပြီးနောက် အဆီဖတ်များကို ဖယ်ရှားပါ။

၃။ အာလူးကို အနေတော်အတုံး တုံးပြီးနောက် ရေထဲတွင် စိမ်ထားပါ။ မုန်လာဥနီ၊ မှို၊ ကြက်သွန်နီ၊ ကြက်သွန်မြိတ်၊ ငရုတ်သီးတောင့်တို့ကိုလည်း ပါးပါးလှီးထားပါ။

၄။ ကြက်သားတုံးများကို အိုးတစ်လုံးထဲထည့်ပါ။ ရေ သုံးခွက် (၇၅၀ မီလီလီတာ) ထည့်ပါ။ (ပဲကြာဇံ မသုံးဘူးဆိုရင်တော့ ရေလျော့ရပါမယ်)

ထို့နောက် ပဲငံပြာရည်၊ ခရုဆီ၊ ဆန်ဝိုင်၊ သကြားညို၊ ပျားရည်နှင့် ငရုတ်ကောင်းမှုန့်တို့ထည့်ကာ သမအောင် မွှေပါ။ ထို့နောက် အဖုံးဖွင့်လျက်သားဖြင့် မီးပြင်းပြင်းဖွင့်ကာ ၁၀ မိနစ်ခန့် ဆူပွက်လာအောင် တည်ထားလိုက်ပါ။ ဝေ့တက်လာသော အဆီများကို ခပ်ထုတ်ပါ။

၅။ ပွက်ပွက်ဆူလာတဲ့အခါ အာလူး၊ မှို၊ ကြက်သွန်နီ၊ ငရုတ်သီး၊ ကြက်သွန်ဖြူနှင့် ဂျင်းတို့ထည့်ကာ အဖုံးအုပ်ပြီး ၁၀ မိနစ်ခန့် သမအောင် တည်ပါ။

၆။ အာလူးများ နူးအိသွားတဲ့အခါမှာတော့ ငရုတ်ပွ၊ ကြက်သွန်မြိတ်၊ ပဲကြာဇံတို့ထည့်ကာ အဖုံးဖွင့်လျက်သားဖြင့် ၃ မိနစ်ခန့် တည်ပါ။

ထို့နောက် နှမ်းဆီထည့်ပြီး သမအောင် မွှေပါ။ မီးဖိုပေါ်က ချပြီးတဲ့နောက်မှာတော့ နှမ်းဖြူးထည့်လိုက်ပါ။

ဒါဆိုရင်တော့ အရသာရှိတဲ့ ကိုရီးယားစတိုင်လ် အာလူး ကြက်သားဟင်းလျာလေး ရရှိသွားပါပြီ။

Source: Koreanbapsang.com