အားလုံးပဲ မင်္ဂလာပါ။ ကန်စွန်းပလိန်းချည်းပဲ စားနေရတာ ငြီးငွေ့နေသူများအတွက် ငါးအသားလုံးထည့်ကြော်ထားတဲ့ ကန်စွန်းရွက် ငါးအသားလုံးကြော် အရံဟင်း ချက်ပြုတ်နည်းလေးကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

Source: Gstaadgourmet.com

  • ကန်စွန်းရွက် ၁ စည်း (အရိုးနှင့် အရွက်တို့ကို ခြွေထားပါ)
  • ကင်းမွန်အသားလုံး (သို့) ငါးအသားလုံး ၁၀ လုံး (တစ်ဝက်စီ လှီးဖြတ်ထားပါ)
  • ခရုဆီ စားပွဲတင်ဇွန်း ၃ ဇွန်း
  • ကြက်ပြုတ်ရည် စားပွဲတင်ဇွန်း ၈ ဇွန်း
  • ပြောင်းမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်း

  • ကြက်သွန်နီ ၁ ခြမ်း (ပါးပါးလှီးထားပါ)
  • ကြက်သွန်ဖြူ ၃ မြွှာ (ဓားပြားရိုက်ပြီး ပါးပါးလှီးထားပါ)
  • ဟင်းချက်ဆီ စားပွဲတင်ဇွန်း ၃ ဇွန်း
  • ဆားနှင့် ငရုတ်ကောင်းမှုန့် အနည်းငယ်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ဒယ်အိုးကို အပူပေးပြီး ဆီထည့်ပါ။

၂။ ဆီပူလာပါက ကြက်သွန်ဖြူ၊ ကြက်သွန်နီတို့ထည့်ကာ ကြက်သွန်နီ ပျော့သွားသည်အထိ ဆီသတ်ပါ။

၃။ ထို့နောက် ကင်းမွန်အသားလုံး (သို့) ငါးအသားလုံးများထည့်ကာ ၃ မိနစ်ခန့်ကြော်ပါ။

၄။ ခရုဆီထည့်ပြီး သမအောင် ထပ်မွှေကြော်ပါ။

၅။ ပန်းကန်လုံးအသေးတစ်လုံးထဲတွင် ကြက်ပြုတ်ရည်နှင့် ပြောင်းမှုန့်တို့ထည့်ကာ သမအောင် ရောမွှေလိုက်ပါ။ ထို့နောက် ဒယ်အိုးထဲထည့်ပြီး အလယ်အလတ်မီးအပူချိန်ဖြင့် ဟင်းရည်ပျစ်သွားသည်အထိ တည်ထားပါ။

၆။ နောက်တစ်ဆင့်အနေနဲ့ ကန်စွန်းရွက်ထည့်ကာ ၂ မိနစ်၊ ၃ မိနစ်ခန့် မွှေကြော်ပါ။

၇။ ဆားနှင့် ငရုတ်ကောင်းမှုန့်တို့ထည့်ကာ အရသာအပေါ့အငန်မြည်းကြည့်လိုက်ပါ။

ဒါဆိုရင်တော့ ကန်စွန်းရွက် ငါးအသားလုံးကြော်ဟင်းလျာလေး ရရှိသွားပါပြီ။ ထမင်းနဲ့အတူတူ အရသာရှိရှိ သုံးဆောင်လိုက်ပါ။

Source: Panlasangpinoy.com