အမဲသားနဲ့ လိုက်ဖက်တဲ့ဟင်းသီးဟင်းရွက်တွေကတော့ တရုတ်မုန်ညှင်း၊ ပန်းဂေါ်ဖီစိမ်း၊ ရိုးရိုးပန်းဂေါ်ဖီ၊ ကိုက်လန်နဲ့ ပဲတောင့်ရှည်တို့ပဲဖြစ်ပါတယ်။ မိမိအကြိုက်ပေါ်မူတည်ပြီး အရသာရှိတဲ့ အမဲသားဟင်းတစ်ခွက် ဖန်တီးနိုင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • အမဲသား ၁ ပေါင်
  • ငရုတ်ကောင်းမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ထောပတ် စားပွဲတင်ဇွန်း ၂ ဇွန်း
  • တရုတ်မုန်ညှင်း (သို့) ပန်းဂေါ်ဖီစိမ်း (သို့) ပဲတောင့်ရှည် (သို့) မိမိကြိုက်နှစ်သက်ရာ ဟင်းသီးဟင်းရွက်တစ်မျိုး (အနေတော်အရွယ်အစား လှီးဖြတ်ထားပါ)
  • ကြက်သွန်ဖြူ ၁၀ မြွှာ (ပါးပါးလှီးထားပါ)

  • ပဲငံပြာရည် အနည်းငယ်
  • ဆား အနည်းငယ်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ အမဲသားတုံးကို တစ်လက်မပတ်လည်အတုံး တုံးပါ။ ထို့နောက် ငရုတ်ကောင်းမှုန့်နှင့် ဆားအနည်းငယ်ဖြင့် နယ်ဖတ်ကာ ၁၅ မိနစ်ခန့် နှပ်ထားပါ။

၂။ ဒယ်အိုးတစ်လုံးကို အပူပေးပြီး ရေနှင့် ဆားအနည်းငယ်ထည့်ကာ ပွက်ပွက်ဆူလာသည်အထိ တည်ထားပါ။ ပွက်ပွက်ဆူလာပါက မိမိအသုံးပြုသည့် ဟင်းရွက်ထည့်ကာ ၁ မိနစ်ခန့်ပြုတ်ပါ။ ၁ မိနစ်ပြည့်ပါက ရေနွေးပူထဲမှ ဆယ်ယူလိုက်ပါ။

၃။ ထို့နောက် ဒယ်အိုးကို ပြန်လည်သန့်စင်ကာ အပူပေးပါ။ ထောပတ်ထည့်ကာ အရည်ပျော်လာသည်အထိ စောင့်ပါ။ ပြီးရင်တော့ အမဲသားထည့်ကာ ၂ မိနစ်၊ ၃ မိနစ်ခန့် မွှေကြော်လိုက်ပါ။

၄။ ထို့နောက် ကြက်သွန်ဖြူထည့်ကာ ၁ မိနစ်၊ ၂ မိနစ်ခန့် မွှေကြော်ပါ။ ပြီးရင်တော့ ဟင်းရွက်ပြုတ် ထည့်ပါ။ ၁ မိနစ်ခန့် သမအောင်မွှေပြီးတဲ့အခါ ပဲငံပြာရည် မဆိုစလောက်ကလေးထည့်ကာ သမအောင် ထပ်မွှေပါ။

အရသာအပေါ့အငန် မြည်းကြည့်ပြီးတဲ့နောက်မှာတော့ အရသာရှိတဲ့ ဟင်းရွက် အမဲသားရောကြော်ဟင်းလျာတစ်ပွဲ ရရှိသွားပါပြီ။

Source: Seonkyounglongest.com