မိမိသိရှိထားသော ဗဟုသုတများကို ဝေမျှခြင်းက ကောင်းတဲ့အလေ့အကျင့်ကောင်းတစ်ခုပါပဲ။ ပညာရည်ပြည့်ဝသူ အများစုမှာ ထိုကဲ့သို့သော အရည်အချင်း ရှိတတ်ကြပါတယ်။ ဒီတစ်ခါမှာလည်း ကျွမ်းကျင်စားဖိုမှူးတစ်ယောက်က သူ သိရှိထားတဲ့ အစားအစာနဲ့ သက်ဆိုင်သော ဗဟုသုတများ၊ မီးဖိုချောင်နဲ့ ပတ်သက်သော ဗဟုသုတတွေကို ဝေမျှလိုက်ပြန်ပါပြီ။

စာဖတ်သူတို့လည်း ဗဟုသုတရသွားအောင်လို့ အတူတူဆက်လေ့လာကြည့်လိုက်ရအောင်။

လတ်ဆတ်သော ခရမ်းချဉ်သီးကို စားသုံးချင်တယ်ဆိုရင်

ခရမ်းချဉ်သီးဝယ်တဲ့အခါ ရိုးတံပါတဲ့ခရမ်းချဉ်သီးများကို မဝယ်ပါနဲ့။ ထိုအသီးများက မမှည့်သေးတာကြောင့် ဗီတာမင်နဲ့ သတ္တုဓာတ်များနှုန်းက အလွန်နည်းပါးပါတယ်။ ဒါ့ကြောင့် ရင့်မှည့်ပြီးသား ခရမ်းချဉ်သီးများက အလတ်ဆတ်ဆုံးနဲ့ အာဟာရဓာတ် အပြည့်ဝဆုံးပဲဖြစ်ပါတယ်။

ဖရဲသီး

လူတော်တော်များများက ဖရဲသီးဝယ်စားတဲ့အခါ ခွဲထားပြီးသား ဖရဲသီးတွေကိုသာ အလွယ်တကူ ဝယ်ယူစားသုံးကြပါတယ်။ ခွဲပြီးသား ဖရဲသီးထက် မခွဲရသေးတဲ့ဖရဲသီးကို အလုံးလိုက် ဝယ်သင့်ပါတယ်။ ခွဲထားတဲ့ ဖရဲသီးတွေမှာ ဖုန်မှုန့်နဲ့ ဘက်တီးရီးယားများ ကပ်ညှိနေနိုင်လို့ပဲဖြစ်ပါတယ်။

ပန်းသီး

ပန်းသီးဝယ်တဲ့အခါ အရောင်တောက်တဲ့အသီးတွေထက် မှည့်တဲ့သစ်သီးများကိုသာ ရွေးဝယ်ပေးရပါမယ်။ အရောင်တောက်တဲ့ ပန်းသီးတွေမှာ ဖယောင်းတွေ ကပ်ထားတာကြောင့် အခန့်မသင့်ရင် အစာအဆိပ်သင့်တတ်ပါတယ်။ ညိုမဲစွဲနေလည်း စိတ်မပူပါနဲ့။ သင့် ပန်းသီးက မပုပ်သေးပါဘူး။ စိတ်ချလက်ချ ဝယ်ယူစားသုံးပါ။

သခွားသီး

သခွားသီးလည်း ထိုနည်းအတိုင်းပါပဲ။ အရောင်တောက်တာမျိုးတွေ မဝယ်ပါနဲ့။ ဒါ့အပြင် သခွားသီးရဲ့ ထိပ်အစွန်းနှစ်ဖက်ကို သေချာဂရုစိုက် ကြည့်ပြီးမှ ရွေးဝယ်ရပါမယ်။ ထိပ်အစွန်းနှစ်ဖက်က ညှိုးပြီးနွမ်းနေတယ်ဆိုရင် အမှည့်လွန်နေတဲ့ သခွားသီးဖြစ်ပြီး အရသာကလည်း ခါးသက်သက်နိုင်ပါလိမ့်မယ်။

ငှက်ပျောသီး

ငှက်ပျောသီးတွေမှာ အမဲစက်သေးသေးလေးတွေ ရှိနေလို့ဆိုပြီး စိတ်မပူပါနဲ့။ ထိုအသီးတွေက မှည့်ပြီး စားသုံးလို့ရနေပါပြီ။ ဒါပေမဲ့ အမဲစက်တွေက အကြီးကြီးဖြစ်နေတယ်ဆိုရင်တော့ မဝယ်ပါနဲ့။ ထိုအသီးတွေက အမှည့်လွန်နေပြီး မကြာခင်မှာပဲ ပုပ်သွားပါလိမ့်မယ်။

Source: Brightside.me