အားလုံးပဲ မင်္ဂလာပါ။ ဟင်းချက်မကျွမ်းကျင်သေးလို့ မီးဖိုချောင်ထဲမှာ အချိန်အများကြီးကုန်နေပြီလား။ အခုဖော်ပြပေးမယ့် နည်းလမ်းကောင်းလေးတွေကို လိုက်မှတ်ထားကြည့်လိုက်ပါ။

ဟင်းအိုးထဲ ဆားထည့်များသွားတဲ့အခါ ဟင်းအိုးပျက်မသွားအောင် ဘယ်လိုပြန်ပြင်ရမလဲ၊ နွားနို့များကို ကြာရှည်ခံဖို့ ဘယ်လိုပြုလုပ်ရမလဲ စတဲ့နည်းလမ်းကောင်းတွေကို ဝေမျှပေးသွားပါမယ်။

ကြက်သွန်နီ၊ ကြက်သွန်ဖြူတို့ ခွာပြီးသွားတဲ့အခါ

လက်ကို သံပုယိုရည်နဲ့ ပွတ်ဆေးပေးလိုက်ပါ။ (သို့မဟုတ်) မုန့်ဖုတ်ဆိုဒါနဲ့လည်း ပွတ်ဆေးနိုင်ပါတယ်။ နောက်နည်းလမ်းတစ်ခုကတော့ စတီးဇွန်းတစ်ချောင်းနဲ့ သင့်ရဲ့လက်များကို ပွတ်တိုက်ပေးလိုက်ပါ။ သင့်လက်မှာ ကပ်ငြိနေတဲ့ ကြက်သွန်နံ့များ ပျောက်ကွယ်သွားပါလိမ့်မယ်။

ဟင်းရည်ထဲသို့ ဆားထည့်တာ ပမာဏများသွားတဲ့အခါ

အခွံခွာထားသော အာလူးများကို အိုးထဲ ထည့်ပေးလိုက်ပါ။ အာလူးက ပိုလျှံနေသောဆားများကို စုပ်ယူပေးသွားပါလိမ့်မယ်။

ကြက်ဥများကို လတ် မလတ်စမ်းသပ်ဖို့အတွက်

ဖန်ခွက်တစ်လုံးထဲတွင် ရေဖြည့်လိုက်ပါ။ ကြက်ဥကို ရေထဲသို့ ထည့်လိုက်ပါ။ ကြက်ဥက ဖန်ခွက်အောက်ခြေမှာ နှစ်မြှုုပ်နေပါက လတ်ဆတ်သောကြက်ဥပဲဖြစ်ပါတယ်။ ရေပေါ်မှာ ပေါလောပေါ်နေပါက အသုံးမပြုဘဲ လွှင့်ပစ်လိုက်ပါတော့။ ဖန်ခွက်အောက်ခြေနဲ့လည်း မထိကပ်၊ ရေပေါ်တွင်လည်း ပေါလောပေါ်မနေဘဲ အလယ်တည့်တည့်တွင် မြှုပ်နေပါက ထိုကြက်ဥကို ချက်ချင်း ချက်စား (သို့) ကြော်စားလိုက်ပါ။

ပါစတာခေါက်ဆွဲချောင်းများ၊ အာလူးများ ပြုတ်ပြီးသွားတဲ့အခါ

ရရှိလာတဲ့ပြုတ်ရည်ကို မလွှင့်ပစ်လိုက်ပါနဲ့။ သင့်အိမ်တွင်းရှိ အလှပန်းပင်များနဲ့ အခြားသော ပန်းပင်များကို ရေလောင်းဖို့ရန်အတွက် အသုံးပြုလိုက်ပါ။ ထိုပြုတ်ရည်ထဲတွင် ပန်းပင်များအင်မတန်ကြိုက်နှစ်သက်သော အာဟာရဓာတ်များ ပါဝင်ပါတယ်။

နွားနို့ဘူး ဖွင့်ပြီးပြီးချင်းပဲ ဆားအနည်းငယ် ထည့်ထားလိုက်ပါ

နွားနို့ထဲသို့ ဆားထည့်ခြင်းက ထိုနွားနို့ကို တာရှည်ခံအောင် ကူညီပေးပါလိမ့်မယ်။

စွပ်ပြုတ်ရည် (သို့) ဟင်းရည်ထဲမှာ ဆီတွေ ဝေ့တက်နေလို့ ထိုဆီများကို ဖယ်ထုတ်ချင်တယ်ဆိုရင်

ရေခဲတုံးကို အသုံးပြုပါ။ ရေခဲတုံးအနည်းငယ်ကို အိုးထဲသို့ ထည့်လိုက်ပါ။ ဝေ့တက်နေသောဆီများကို ရေခဲတုံးက ဖယ်ရှားပေးပါလိမ့်မယ်။

ပေါင်မုန့်မှာ မှိုမတက်ဘဲ တာရှည်ခံဖို့အတွက်

ပေါင်မုန့်အိတ်ထဲသို့ တရုတ်နံနံအနည်းငယ် ထည့်ထားလိုက်ပါ။ ထို့နောက် ပေါင်မုန့်အိတ်ကို စည်းနှောင်ထားလိုက်ပါ။ ဒါဆိုရင်တော့ ပေါင်မုန့်က တာရှည်ခံမှာပဲဖြစ်ပါတယ်။

ကြွပ်ကြွပ်အိပ်ဖြင့် ပိတ်လှောင်ထားမယ့်အစား Shower Cap အသုံးပြုပြီး ပိတ်လှောင်ထားလိုက်ပါ

ဒီနည်းလမ်းဖြင့် ပလပ်စတစ်အသုံးပြုမှုကို လျော့ချရာရောက်ပါတယ်။ Shower Cap ကို ထပ်ဖန်တလဲလဲဆေးကြောပြီး ပြန်လည်အသုံးပြုနိုင်ပါတယ်။

Source: Onegoodthingbyjillee.com