ထမင်းစားတဲ့အခါ ချဉ်ရည်ဟင်းပူပူစပ်စပ်လေးနဲ့ စားလိုက်ရမယ်ဆိုရင်ဖြင့် ပုံမှန်စားနေကျထက် နှစ်ဆလောက် စားမြိန်တာတော့ အမှန်ပါပဲ။

ထမင်းစားမြိန်ဖို့အတွက် ဒီတစ်ခေါက် ဝေမျှပေးမယ့် ချဉ်ရည်ဟင်းကတော့ ဂဏန်းသားလေးနဲ့ ရှယ်ချက်ထားတဲ့ ဂဏန်းချဉ်ရည်ဟင်းပဲဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ဂဏန်း ၁ ပေါင်
  • မုန်လာဥဖြူ ၅ အောင်စ (ပါးပါးလှီးထားပါ)
  • ကြက်သွန်မြိတ် ၁ ပင် (ပါးပါးလှီးထားပါ)
  • ငရုတ်သီးစိမ်း အနီ ၁ တောင့်နှင့် အစိမ်း ၁ တောင့် (ပါးပါးလှီးထားပါ)
  • ကြက်သွန်ဖြူ ၄ မြွှာ (နုပ်နုပ်စဉ်းထားပါ)

  • ကြက်သွန်နီ အသေး ၁ ဥ (ပါးပါးလှီးထားပါ)
  • ပဲပိစပ်အနှစ် စားပွဲတင်ဇွန်း ၂ ဇွန်း
  • ငရုတ်သီးအနှစ် စားပွဲတင်ဇွန်း ၁ ဇွန်း
  • ငရုတ်သီးမှုန့် လက်ဖက်ရည်ဇွန်း ၂ ဇွန်း
  • အနံ့မွှေးဖို့ရန်အတွက် ပင်စိမ်းရွက်အနည်းငယ် (အခြား ဟင်းခပ်ရွက်တစ်မျိုးမျိုးကိုလည်း အစားထိုးအသုံးပြုနိုင်ပါတယ်)

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ဂဏန်းများကို ရေဆေးသန့်စင်ပြီးတဲ့နောက်မှာ ခြေချောင်း လက်ချောင်းများကို ခုတ်ထစ်ထားပြီးနောက် အလယ်သားကိုလည်း အနေတော် အတုံးခပ်သေးသေး ခုတ်ထစ်ထားလိုက်ပါ။

၂။ ဒယ်အိုးထဲသို့ ရေ ၃ ခွက်ခွဲ (၈၇၅ မီလီလီတာခန့်) ထည့်ပြီးနောက် ပါးပါးလှီးထားသော မုန်လာဥဖြူ၊ ပဲပိစပ်အနှစ်နှစ် ငရုတ်နှစ်တို့ထည့်ကာ သမအောင် မွှေပြီးတဲ့နောက်မှာ အဖုံးအုပ်ထားပြီး မိနစ် ၂၀ ခန့် ဆူပွက်လာအောင် တည်ထားလိုက်ပါ။

၃။ မိနစ် ၂၀ ပြည့်ပါက ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ပါးပါးလှီးထားသော ငရုတ်သီး၊ ကြက်သွန်မြိတ်နှင့် ဂဏန်းတို့ထည့်ပြီး အဖုံးအုပ်ထားကာ နောက်ထပ် ၁၅ မိနစ်ခန့် တည်ထားလိုက်ပါ။

၄။ (၁၅) မိနစ်ပြည့်သွားပါက ဂဏန်းလည်း ကျက်လောက်ပြီဖြစ်တဲ့အတွက် ငရုတ်သီးမှုန့်များထည့်ကာ ဇွန်းဖြင့် အသာအယာမွှေပေးလိုက်ပါ။ (အစပ် မစားနိုင်သူများအနေနဲ့ ငရုတ်သီးမှုန့် မထည့်လည်း ရပါတယ်။)

၅။ အရသာအပေါ့အငန်မြည်းကြည့်ပြီးတဲ့နောက်မှာတော့ ပင်စိမ်းရွက်လေးအုပ်ကာ မီးဖိုပေါ်က ချလိုက်လို့ရပါပြီ။

ဒါဆိုရင်တော့ ရှူးရှူးရှဲရှဲနဲ့ လျှာလည်သွားစေမယ့် ဂဏန်းချဉ်ရည်ဟင်း ပူပူစပ်စပ်လေးကို ထမင်းနဲ့အတူတူ သုံးဆောင်နိုင်ပါပြီ။

Source: Maangchi.com