အားလုံးပဲ မင်္ဂလာပါ။ အစုံသုပ်ချစ်သူများအတွက် ဒီတစ်ခါမှာတော့ အာလူး၊ သခွားသီး၊ မုန်လာဥနီတို့အပြင် ဝက်သားနဲ့ ကြက်ဥပြုတ်တို့ပါ ထည့်သုပ်ထားတဲ့ အာလူးအစုံသုပ် ပြုလုပ်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • အာလူး ၂ ပေါင်ခန့် (အခွံခွာပြီးနောက် အတုံးခပ်ကြီးကြီး လှီးဖြတ်ထားပါ)
  • သခွားသီး ၃ အောင်စ (ပါးပါးလှီးထားပါ)
  • ကြက်သွန်နီ ၁ ဥ (ပါးပါးလှီးထားပါ)
  • မုန်လာဥနီ ၂ အောင်စ (ပါးပါးလှီးထားပါ)
  • ဝက်သား ၂ အောင်စ (အတုံးခပ်သေးသေး လှီးထားပြီး ကြော်ထားလိုက်ပါ၊ ဝက်သားအစား ဂဏန်းသား သို့မဟုတ် ငါး စသည်ဖြင့် မိမိကြိုက်နှစ်သက်ရာကို အသုံးပြုနိုင်ပါတယ်။)

  • ကြက်ဥပြုတ် ၂ လုံး (အနေတော် အတုံး တုံးထားပါ)
  • မိရောနိစ် ပန်းကန်လုံး တစ်ဝက်စာ (စားပွဲတင်ဇွန်း ၈ ဇွန်း)
  • သကြား စားပွဲတင်ဇွန်း ၁ ဇွန်း
  • ဆန်ရှာလကာရည် (သို့) ပန်းသီးရှာလကာရည် စားပွဲတင်ဇွန်း ၁ ဇွန်း
  • ဆားနှင့် ငရုတ်ကောင်းမှုန့် အနည်းငယ်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ဒန်အိုးတစ်လုံးထဲသို့ ရေ၊ ဆား လက်ဖက်ရည်ဇွန်း ၁ ဇွန်းနှင့် အာလူးတို့ထည့်ပြီး ၁၀ မိနစ်၊ ၁၅ မိနစ်ခန့် ပြုတ်ပေးလိုက်ပါ။

၂။ ထိုကဲ့သို့ ပြုတ်နေချိန်မှာ ပါးပါးလှီးထားသော သခွားသီးများကို ဆား လက်ဖက်ရည်ဇွန်းတစ်ဝက်ဖြင့် နယ်ထားလိုက်ပါ။ ၂ မိနစ်ခန့်ကြာမှာ ရေဆေးချပြီးနောက် သန့်စင်သောအဝတ်စဖြင့် ရေစင်အောင် သုတ်ထားလိုက်ပါ။

၃။ အာလူးများ ပြုတ်ပြီးသွားပါက အာလူးများကို ဆယ်ယူပြီးနောက် ပန်းကန်လုံးအကြီးထဲ ထည့်ထားလိုက်ပါ။

၄။ ထို့နောက် ဝက်သား၊ သခွားသီး၊ မုန်လာဥနီ၊ မိရောနိစ်၊ ဆား လက်ဖက်ရည်ဇွန်းတစ်ဝက်၊ ငရုတ်ကောင်းမှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက်၊ ကြက်သွန်နီ၊ ကြက်ဥပြုတ်၊ သကြား၊ ရှာလကာရည်တို့ထည့်ပြီးနောက် သမအောင် နယ်ထားလိုက်ပါ။

၅။ အရသာအပေါ့အငန်မြည်းကြည့်ပြီးတဲ့နောက်မှာတော့ အရသာရှိတဲ့ အာလူးအစုံသုပ်ဟင်းလျာလေး ရရှိသွားပါပြီ။

ထမင်းနဲ့အတူတူ အရသာရှိရှိသုံးဆောင်နိုင်ပါပြီ။

Source: Seonkyounglongest.com