အားလုံးပဲ မင်္ဂလာပါ။ အခုဝေမျှပေးမယ့်ဟင်းလျာလေးကတော့ ကိုရီးယားအစားအစာ အရံဟင်းလျာတစ်မျိုးပဲဖြစ်ပါတယ်။ ပဲငံပြာရည်စိမ် အာလူးငန်ဟင်းလျာဖြစ်ပြီး အာလူးချစ်သူများအားလုံး အကြိုက်တွေ့ကြမယ်လို့ မျှော်လင့်မိပါတယ်။

ပါဝင်ပစ္စည်းများ

  • အာလူးအလုံးသေး ပန်းကန်လုံး ၄ လုံးခွဲစာ (အခွံခွာထားပါ)
  • ရေ စားပွဲတင်ဇွန်း ၈ ဇွန်း
  • ပဲငံပြာရည်အကြည် စားပွဲတင်ဇွန်း ၄ ဇွန်း
  • ပဲငံပြာရည်အနောက် စားပွဲတင်ဇွန်း ၁ ဇွန်း
  • သကြား စားပွဲတင်ဇွန်း ၄ ဇွန်း

  • ကြက်သွန်ဖြူ ၄ မြွှာ (ဓားပြားရိုက်ထားပါ)
  • နှမ်းဆီ စားပွဲတင်ဇွန်း ၁ ဇွန်း
  • နှမ်းစေ့ လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ပြုလုပ်နည်း အဆင့်ဆင့်

၁။ အိုးအကြီးတစ်လုံးထဲသို့ အာလူးများ၊ ရေ စားပွဲတင်ဇွန်း ၈ ဇွန်း၊ ပဲငံပြာရည်အကြည်နှင့် အနောက်၊ သကြား၊ ကြက်သွန်ဖြူတို့အပြင် အပိုပါဝင်ပစ္စည်းအနေနဲ့ ရေ စားပွဲတင်ဇွန်း ၄ ဇွန်းထည့်ကာ အဖုံးအုပ်ထားပါ။ ထို့နောက် ပွက်ပွက်ဆူလာအောင် တည်ထားပါ။

၂။ ပွက်ပွက်ဆူလာပြီဆိုတာနဲ့ မီးအပူရှိန်ကို အနိမ့်ဆုံးသို့ လျော့ချလိုက်ပြီး အာလူးများ နူးအိသွားသည်အထိ ၁၅ မိနစ်၊ မိနစ် ၂၀ ခန့် တည်ထားပါ။

စာဖတ်သူတို့အနေနဲ့ ပဲငံပြာအရည်ကို ချန်ထားချင်တယ်ဆိုရင်တော့ အဆင့် (၂) နဲ့တင် လုံလောက်ပါတယ်။ တကယ်လို့ အရည်ခမ်းအောင် ပြုလုပ်ချင်တယ်ဆိုရင်တော့ အခုဖော်ပြပေးမယ့် အဆင့်ကိုပါ တစ်ပါတည်း ပြုလုပ်ပေးရပါမယ်။

ပဲငံပြာရည်ဆော့စ်များ ပျစ်သွားဖို့ရန်အတွက် အိုးအဖုံးကို ဖယ်ရှားလိုက်ပြီး ၄ မိနစ်၊ ၅ မိနစ်ခန့် အရည်ခမ်းသွားအောင် တည်ပေးလိုက်ပါ။

၃။ နောက်ဆုံးအဆင့်အနေနဲ့ နှမ်းဆီများ ထည့်ကာ သမအောင် မွှေပါ။ ပြီးရင်တော့ နှမ်းစေ့များဖြင့် အလှဆင်လိုက်ပါ။

ဒါဆိုရင်တော့ အရသာရှိတဲ့ ပဲငံပြာရည်စိမ် အာလူးငန်ဟင်းလျာလေး ရရှိသွားပါပြီ။

Source: Drivemehungry.com