အရသာရှိတဲ့ ခေါက်ဆွဲပြုတ်လေး ပြုတ်စားချင်သူတွေအနေနဲ့ အသင့်စား ခေါက်ဆွဲပြုတ်တစ်ထုပ်တည်းကိုပဲ အသုံးပြုတာထက်စာရင် အခြားသော တန်ဆာပလာအစားအစာလေးတွေဖြစ်တဲ့ ကြက်ဥ၊ ဟင်းသီးဟင်းရွက်၊ အသားတစ်မျိုးမျိုး စသည်ဖြင့် စုံစုံလင်လင် ထည့်စားသင့်ပါတယ်။

စာဖတ်သူ Foodies လေးတို့အနေနဲ့ ဘယ်လိုအစားအစာတွေထည့်ပြီး ဘယ်လိုပြုတ်စားရမလဲဆိုတာကို သိချင်တယ်ဆိုရင်တော့ ဒီချက်ပြုတ်နည်းလေးကို အဆုံးထိဆက်ဖတ်ကြည့်ပေးဖို့လိုမယ်နော်။

ပါဝင်ပစ္စည်းများ

  • မှိုခြောက် သုံးပွင့်
  • နှမ်းဆီ စားပွဲတင်ဇွန်း ၁ ဇွန်း
  • ကြက်သွန်မြိတ် ၄ ပင် (၂ လက်မအရှည် လှီးဖြတ်ထားပါ)
  • ငရုတ်သီးမှုန့် စားပွဲတင်ဇွန်း ၁ ဇွန်း
  • အမဲသား ၄ အောင်စ (ပါးပါးလှီးထားပါ)

  • အသင့်စား ခေါက်ဆွဲခြောက် တစ်ထုပ်
  • ပဲငံပြာရည် စားပွဲတင်ဇွန်း ၁ ဇွန်း
  • ကြက်သွန်ဖြူ ၁ မြွှာ (နုပ်နုပ်စဉ်းထားပါ)
  • ကြက်ဥ ၁ လုံး (မွှေခလောက်ထားပါ)
  • ပဲပင်ပေါက် လက်တစ်ဆုပ်စာခန့်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ မှို ၃ ပွင့်ကို ရေနွေးပူ ၅၆၀ မီလီလီတာ (ဖန်ခွက် ၂ ခွက်ခွဲစာ)ထဲတွင် စိမ်ထားလိုက်ပါ။

၂။ ဒန်အိုးတစ်လုံးကို အပူပေးပြီးနောက် နှမ်းဆီ၊ ကြက်သွန်မြိတ်နှင့် ငရုတ်သီးမှုန့်တို့ထည့်ပြီး ၁ မိနစ်ခန့် သမအောင် မွှေပေးလိုက်ပါ။

၃။ ထို့နောက် ပါးပါးလှီးထားသော အမဲသားများကို အိုးထဲထည့်ပြီးနောက် ၂ မိနစ်၊ ၃ မိနစ်ခန့် မွှေကြော်ပေးလိုက်ပါ။

၄။ ပြီးရင်တော့ မှိုခြောက်ကို အရည်စင်အောင် ညှစ်ပြီးနောက် ထိုရေနွေးကို ဒန်အိုးထဲလောင်းထည့်ကာ မွှေပေးလိုက်ပါ။ မှိုကိုတော့ မြန်မြန်လေး ပါးပါးလှီးပြီးနောက် အိုးထဲထည့်ကာ ပဲငံပြာရည်နှင့် အသင့်စားခေါက်ဆွဲထုပ်ထဲတွင် ပါလာသည့် ဟင်းခပ်မှုန့်များကိုပါ ရောထည့်လိုက်ပါ။ သမအောင် မွှေပြီးနောက် အဖုံးပိတ်ထားကာ ဆူပွက်လာသည်အထိ စောင့်လိုက်ပါ။

၅။ ဟင်းရည်က ဆူလာပြီဆိုရင်တော့ ခေါက်ဆွဲခြောက်ထည့်ကာ ၂ မိနစ်ခန့် ထည့်ပြုတ်လိုက်ပါ။

၆။ ထို့နောက် နုပ်နုပ်စဉ်းထားသော ကြက်သွန်ဖြူနှင့် ကြက်ဥတို့ထည့်ကာ မွှေပေးလိုက်ပါ။ ပြီးရင်တော့ ပဲပင်ပေါက်ထည့်ပြီး ဒန်အိုးအဖုံးအုပ်ထားကာ ၁ မိနစ်ခန့် တည်ထားလိုက်ပါ။

၁ မိနစ်ပြည့်သွားပြီဆိုရင်တော့ အရသာရှိတဲ့ အမဲသားခေါက်ဆွဲပြုတ် စပ်စပ်လေးကို အားရပါးရသုံးဆောင်နိုင်ပါပြီ။

Source: Seonkyounglongest.com