အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာတော့ မနက်စာအဖြစ် ပေါ့ပေါ့ပါးပါးစားသုံးနိုင်မယ့် ကိုရီးယားစတိုင်လ် ဟင်းရွက်စုံကြက်ဥမွှေကြော် ချိစ်ဆင်းဝှစ်ချ်ပြုလုပ်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ဂေါ်ဖီ ၁ အောင်စ (ပါးပါးလှီးထားပါ)
  • ကြက်သွန်နီ ၁ အောင်စ (ပါးပါးလှီးထားပါ)
  • မုန်လာဥနီ ၁ အောင်စ (အချောင်းလိုက် ပါးပါးလှီးထားပါ)
  • ကြက်သွန်မြိတ် ၁ ပင် (နုပ်နုပ်စဉ်းထားပါ)
  • ကြက်ဥ ၂ လုံး

  • ဆား လက်ဖက်ရည်ဇွန်း တစ်ဝက်
  • ငရုတ်ကောင်းမှုန့် လက်ဖက်ရည်ဇွန်း ၄ ပုံ ၁ ပုံ
  • ထောပတ် လက်ဖက်ရည်ဇွန်း ၅ ဇွန်း
  • ပေါင်မုန့် ၄ ချပ်
  • သကြား လက်ဖက်ရည်ဇွန်း ၃ ဇွန်း

  • ဝက်ပေါင်ခြောက် ၂ ချပ်
  • အမေရိကန်ချိစ် ၂ ပြား
  • ခရမ်းချဉ်သီး Ketchup
  • မိရောနိစ်အနည်းငယ်

ပြုလုပ်နည်းအဆင့်ဆင့်

၁။ ပန်းကန်လုံးအကြီးတစ်လုံးထဲတွင် ဂေါ်ဖီ၊ ကြက်သွန်နီ၊ မုန်လာဥနီ၊ ကြက်ဥ၊ ကြက်သွန်မြိတ်၊ ဆားနှင့် ငရုတ်ကောင်းမှုန့်တို့ထည့်ကာ သမအောင် နယ်ထားလိုက်ပါ။

၂။ ပေါင်မုန့် ၄ ချပ်ရဲ့ မျက်နှာပြင် နှစ်ဖက်စလုံးကို ထောပတ်သုတ်ထားပါ။

၃။ ဒယ်အိုးကို အပူပေးပြီး ထောပတ် စားပွဲတင်ဇွန်း ၂ ဇွန်းထည့်ကာ အရည်ပျော်သွားအောင်စောင့်ပါ။ ထောပတ်အရည်ပျော်သွားပါက ဟင်းရွက်စုံ ကြက်ဥအရောအနှောကို ဒယ်အိုးထဲထည့်ပြီး စတုရန်းပုံသဏ္ဍာန် ဖြန့်ကျက်လိုက်ပါ။ ၂ မိနစ်၊ ၃ မိနစ်ခန့် ကြော်ပြီးပါက အလယ်တည့်တည့်မှ ထက်ခြမ်း ခြမ်းလိုက်ပါ။ ထို့နောက် အခြားတစ်ဖက်သို့ လှန်ကာ ၂ မိနစ်၊ ၃ မိနစ်ခန့် ထပ်ကြော်ပါ။

၄။ ရရှိလာတဲ့ ဟင်းရွက်စုံ ကြက်ဥမွှေကြော်ကို ပန်းကန်ပြားထဲ ဆယ်ထည့်ပြီးနောက် ဒယ်အိုးထဲတွင် ဝက်ပေါင်ခြောက် ၂ ချပ်ထည့်ကာ ကြော်ပေးလိုက်ပါ။

၅။ ဝက်ပေါင်ခြောက်များ ကျက်သွားပြီဆိုရင်တော့ ထောပတ်သုတ်ထားသော ပေါင်မုန့်ချပ်များထည့်ကာ ရွှေညိုရောင်ပြောင်းသွားသည်အထိ ကြော်ပေးလိုက်ပါ။

၆။ ထို့နောက် ပေါင်မုန့်ချပ် ပူပူနွေးနွေးလေးပေါ်မှာ သကြားအနည်းငယ်ဖြူးပါ။ ထို့နောက် ဟင်းရွက်စုံ ကြက်ဥမွှေကြော် တစ်ချပ်ထည့်ပါ။ ဝက်ပေါင်ခြောက်ထည့်ပါ။ အမေရိကန် ချိစ်ပြားထည့်ပါ။ Ketchup နှင့် မိရောနိစ်တို့ကို ချိစ်အပေါ်တွင် ဆမ်းထည့်လိုက်ပါ။ ပေါင်မုန့်တစ်ချပ် ထပ်တင်ပေးလိုက်ရင်တော့ ပြီးပြည့်စုံသွားပါပြီ။

ရရှိလာတဲ့ ဟင်းရွက်စုံ ကြက်ဥမွှေကြော် ချိစ်ဆင်းဝှစ်ချ်ကို အလယ်တည့်တည့်ကနေ အညီအမျှ ထက်ခြမ်းခြမ်းပေးလိုက်ပါ။ အရသာရှိတဲ့ဆင်းဝှစ်ချ်လေးကို ကော်ဖီ (သို့) နွားနို့ ပူပူလေးနဲ့ တွဲဖက်စားသုံးပေးနိုင်ပါတယ်။

Source: Seonkyounglongest.com