အားလပ်ရက်လေးမှာ မိသားစုတွေ တပျော်တပါးကြီး စားသုံးနိုင်မယ့် ဟင်းလျာတစ်မျိုးကို ဝေမျှပေးချင်ပါတယ်။ ဘာဟင်းလျာလေးလဲဆိုရင်တော့ မုန်ညှင်းရွက်တွေနဲ့ အလှဆင်ထားတဲ့ ဝက်သားလုံးကြော် ဟင်းလျာပဲဖြစ်ပါတယ်။
ပါဝင်ပစ္စည်းများ
- ဂျင်း ၈ ဂရမ် (နုပ်နုပ်စဉ်းထားပါ)
- ကြက်သွန်မြိတ် ၁ ပင် (ပါးပါးလှီးထားပါ)
- ကြက်ဥ ၁ လုံး
- ပေါင်မုန့်အကြေအစာများ စားပွဲတင်ဇွန်း ၃ ဇွန်းစာ
- ဟင်းချက်ဝိုင် စားပွဲတင်ဇွန်း ၁ ဇွန်း
- နုပ်နုပ်စဉ်းထားသော ဝက်သား ၁ ပေါင် (၄၅၀ ဂရမ်)
- ပဲငံပြာရည်အကြည် စားပွဲတင်ဇွန်း ၁ ဇွန်းနှင့် ခရုဆီ စားပွဲတင်ဇွန်း ၁ ဇွန်း
- ငရုတ်ကောင်းမှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက်၊ မဆလာ လက်ဖက်ရည်ဇွန်း ၄ ပုံ ၁ ပုံနှင့် ပြောင်းမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်းခွဲ
- ရေ ၆၀ မီလီလီတာ
- ကြော်ရန် ဟင်းသီးဟင်းရွက်ဆီ
ဆော့စ်ပြုလုပ်ရန် လိုအပ်သော ပါဝင်ပစ္စည်းများ
- ဟင်းသီးဟင်းရွက်ဆီ စားပွဲတင်ဇွန်း ၁ ဇွန်း
- ဂျင်း ၂ ပြား၊ ပါးပါးလှီးထားသော ကြက်သွန်မြိတ် ၂ ပင်နှင့် အသေးစား မုန်ညှင်းရွက် အနည်းငယ်
- သကြား ၁၀ ဂရမ်၊ ဟင်းချက်ဝိုင် စားပွဲတင်ဇွန်း ၁ ဇွန်း၊ ပဲငံပြာရည်အကြည် စားပွဲတင်ဇွန်း တစ်ဇွန်းခွဲ၊ ပဲငံပြာရည်အနောက် လက်ဖက်ရည်ဇွန်း ၄ ပုံ ၁ ပုံနှင့် ခရုဆီ စားပွဲတင်ဇွန်း ၁ ဇွန်း
- ရေ ၃၇၅ မီလီလီတာ
ပြုလုပ်နည်း အဆင့်ဆင့်
၁။ နုပ်နုပ်စဉ်းထားသော ဝက်သားကို ပန်းကန်လုံးအကြီးတစ်လုံးထဲသို့ ထည့်ကာ ဂျင်း၊ ကြက်သွန်မြိတ်၊ ကြက်ဥ၊ ဟင်းချက်ဝိုင်၊ ပဲငံပြာရည်အကြည်၊ ခရုဆီ၊ ငရုတ်ကောင်းမှုန့်၊ မဆလာ၊ ပြောင်းမှုန့်နှင့် ရေတို့ထည့်ကာ သမအောင် ရောနယ်ပေးလိုက်ပါ။
၂။ (၁၀) မိနစ်ခန့် သေချာနယ်ဖတ်ပြီးတဲ့အခါမှာတော့ အဝိုင်းပုံသဏ္ဍာန် လုံးပေးလိုက်ပါ။
၃။ ဒယ်အိုးကို အပူပေးပြီး ဆီထည့်ပါ။ ဆီပူလာပါက ဝက်သားလုံးများကို ၂ မိနစ်ခန့် ထည့်ကြော်ပေးလိုက်ပါ။ ဝက်သားများ ကျက်သွားပါက ပန်းကန်ပြားထဲသို့ ဆယ်ထည့်ထားပါ။
၄။ ဒယ်အိုးကို အပူပေးပြီး ဆီ စားပွဲတင်ဇွန်း ၁ ဇွန်းထည့်ပါ။ ဆီပူလာပါက ဂျင်းနှင့် ကြက်သွန်မြိတ်တို့ထည့်ပြီး ၁ မိနစ်ခန့် ဆီသတ်ပါ။ ထို့နောက် သကြား ၁၀ ဂရမ်ထည့်ကာ သကြားများ ပျော်ဝင်သွားသည်အထိ မွှေပေးလိုက်ပါ။
၅။ ဟင်းချက်ဝိုင် စားပွဲတင်ဇွန်း ၁ ဇွန်း၊ ပဲငံပြာရည်အကြည် စားပွဲတင်ဇွန်း တစ်ဇွန်းခွဲ၊ ပဲငံပြာရည်အနောက် လက်ဖက်ရည်ဇွန်း ၄ ပုံ ၁ ပုံ၊ ခရုဆီ စားပွဲတင်ဇွန်း ၁ ဇွန်း၊ ရေ ၃၇၅ မီလီလီတာတို့ကို အိုးထဲထည့်ကာ ပွက်ပွက်ဆူလာသည်အထိ မွှေပေးလိုက်ပါ။
၆။ ပွက်ပွက်ဆူလာပါက ဝက်သားလုံးကြော်များထည့်ကာ မီးအေးအေးဖြင့် ၁၅ မိနစ်ခန့် တည်ပေးလိုက်ပါ။ (၆ မိနစ်၊ ၇ မိနစ်ခန့်အကြာတွင် ဝက်သားလုံးကို တစ်ဖက်သို့လှန်ပေးဖို့ မမေ့ပါနဲ့။)
၇။ အရည်များ ပွက်ပွက်ဆူလာပါက မီးပိတ်လိုက်လို့ရပါပြီ။
၈။ ပန်းကန်လုံးတစ်လုံးထဲတွင် ပြုတ်ထားသော မုန်ညှင်းရွက်များကို အစီအရီစီထားလိုက်ပါ။ ထိုမုန်ညှင်းရွက်ပေါ်တွင် ဝက်သားလုံးကြော်များကို အစီအရီတင်ထားလိုက်ပါ။
ဒါဆိုရင်တော့ အမြင်လည်းလှ၊ အရသာလည်း ကောင်းတဲ့ ဝက်သားလုံးကြော်လေး ရရှိသွားပါပြီ။
Source: Thewoksoflife.com