အားလုံးပဲမင်္ဂလာပါ။ အခုနောက်ပိုင်းတော်တော်လေးကိုရေပန်းစားလာတဲ့စားစရာတွေထဲမှာ လက်ဖက်ကြက်ဥပေါင်းကလည်းတစ်ခုအပါအဝင်ဖြစ်ပါတယ်။ ဆေးဖက်ဝင်ပြီးစားလို့လည်းကောင်းတာကြောင့်လူကြီးရောကလေးပါကြိုက်နှစ်သက်ကြပါတယ်။ ဒီတစ်ခေါက်မှာတော့ စားနေကြလက်ဖက်ကြက်ဥပေါင်းတွေနဲ့ မတူပဲ အရသာထူးကဲပြီး ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ လက်ဖက်ဘဲဥပေါင်းလေးကိုအိမ်မှာပဲ လွယ်ကူရိုးရှင်းစွာလုပ်စားနိုင်ဖို့ နည်းလမ်းလေးမျှဝေပေးလိုက်ပါတယ်နော်။


ပါဝင်ပစ္စည်းများ

  • ဘဲဥ ၁၂ လုံး
  • Black Tea လက်ဖက်ခြောက်ထုပ် ၂ ထုပ်
  • သစ်ဂျပိုးခေါက် ၁ ခု
  • နာနတ်ပွင့် ၄ ခု
  • လိမ္မော်အခွံ ၁ ခု
  • သကြားအညိုစားပွဲတင်ဇွန်း ၁ ဇွန်း
  • ပဲငံပြာရည်အကြည်စားပွဲတင်ဇွန်း ၁ ဇွန်း
  • ပဲငံပြာရည်အနောက်စားပွဲတင်ဇွန်း ၁ ဇွန်း
  • ဆားအနည်းငယ်
  • ရေ

ပြုလုပ်နည်းအဆင့်ဆင့်

(၁) အရင်ဆုံးဘဲဥပြုတ်ရန် ဒယ်အိုးတစ်ခုအတွင်း ရေ ၄ ခွက်ခန့်ထည့်ပြီး တည်ထားပါ။ရေနွေးဆူလာပြီဆိုရင်တော့ ဘဲဥကိုထည့်ပြီး ၁၀ မိနစ်ခန့်ပြုတ်ထားပေးပါ။ဆားအနည်းငယ်ထည့်ပြုတ်ရင်ပိုကောင်းပါတယ်။

(၂) ဘဲဥများကျက်ပြီဆိုရင် ပန်းကန်တစ်ခုအတွင်းလှယ်၍ အအေးခံထားပေးပါ။ထို့နောက် နောက်ထပ်ဒယ်အိုးတစ်ခုအတွင်း Black Tea လက်ဖက်ခြောက်ထုတ် သစ်ဂျပိုးခေါက် နာနတ်ပွင့် လိမ္မော်ခွံ သကြားအညို ပဲငံပြာရည်အကြည် ပဲငံပြာရည်အနောက် ဆားအနည်းငယ်တို့ထည့်ပြီး ရေ ၂ ခွက်ခန့်ထည့်ကာ ၁၀ မိနစ်လောက်ပြုတ်ထားပေးပါ။

(၃) လက်ဖက်ခြောက်နဲ့ ပါဝင်ပစ္စည်းများ ပြုတ်ထားစဉ်အတွင် ဘဲဥများရဲ့အခွံကို အက်ကွဲသွားအောင် ဇွန်းလေးနဲ့ ခေါက်ပေးပါ။ဘဲဥအားလုံးအခွံလေးတွေအက်သွားအောင်ခေါက်ပြီပြီဆိုရင်တော့ ခုနကပြုတ်ထားတဲ့လက်ဖက်ရည်အိုးထဲ ရောပြုတ်ပေးပါ။မီးခပ်အေးအေးဖြင့် ၃ နာရီလောက်ပြုတ်ထားပေးဖို့လိုပါမယ်။

(၄) ဒါမှလည်းအရသာတွေအားလုံးဘဲဥထဲကို စိမ့်ဝင်လာမှာဖြစ်ပါတယ်။အချိန် ၃ နာရီပြည့်ပြီဆိုရင်တော့ မီးပိတ်ပြီးဒယ်အိုးအတွင်းမှာပဲ နာရီဝက်ခန့်ဆက်ပြီးအအေးခံထားပါ။နာရီဝက်ပြည့်ပြီ ဘဲဥလေးတွေလဲအေးသွားပြီးဆိုရင်တော့ အရမ်းကိုအရသာရှိပြီး ကျန်းမာရေးနဲ့ညီညွှတ်တဲ့ ဆေးဖက်ဝင် လက်ဖက်ဘဲဥပေါင်းလေးကို သုံးဆောင်နိုင်ပြီပဲဖြစ်ပါတယ်။

Source : kitchenbowl