ထိုင်းအစားအစာ စားသောက်ဆိုင်တွေမှာ ရရှိတတ်တဲ့ ပေါ့ပေါ့ပါးပါးဟင်းလျာလေးပါ။ သူငယ်ချင်းတွေနဲ့ စုပေါင်းပြီး လုပ်စားတာပဲဖြစ်ဖြစ် အဆာပြေ သွားရည်စာအနေနဲ့ ဖြစ်ဖြစ် အရသာအသစ်အဆန်းလေးမို့ မြည်းကြည့်ချင်တာပဲ ဖြစ်ဖြစ် အိမ်မှာ အလွယ်တကူ ပြုလုပ်နိုင်မယ့် ပြောင်းဖူးထောင်းလေးပဲဖြစ်ပါတယ်။
ချိုစိမ့်နူးညံ့တဲ့ပြောင်းဖူး အငံလေးတဲ့ ဆားဘဲဥပြုတ်ရယ်၊ မန်ကျည်းသီးရဲ့ စူးရှတဲ့အချဉ်အရသာနဲ့ ငရုတ်သီးစိမ်း စပ်စပ်ကလေးတွေ ပေါင်းစပ်ထားလို့ အရမ်းစားကောင်းတာပဲလို့ ပြောရင် မလွန်ပါဘူးနော်။ဒါကြောင့်မို့ လွယ်ကူဆန်းသစ်တဲ့ ဒီဟင်းလျာလေးကို အားလပ်ရက်တွေမှာ လုပ်စားကြည့်ကြစို့လား။
ပါဝင်ပစ္စည်းများ
- ပြောင်းဖူး – ၄ ဖူး
- သဘောင်္သီးစိမ်း(အလုံးသေး) – ၁ စိတ်
- မုန်လာဥနီ – ၁ ပိုင်း
- ခရမ်းချဉ်သီး – ၂ လုံး
- ငရုတ်သီးစိမ်း – ၁၀ တောင့်
- ဂေါ်ဖီ – ၁ စိတ်
- ပဲတောင့်ရှည် – ၈ တောင့်
- မြေပဲဆံလှော် – ၂ ဇွန်း
- ပုဇွန်ခြောက် – ၂ ဇွန်း (ထမင်းစားဇွန်း)
- ငါးငံပြာရည် – ၂ဇွန်း (လဖက်ရည်ဇွန်း)
- ဆားဘဲဥ/ရိုးရိုးဘဲဥ – ၂ လုံး
- မန်ကျည်းသီးမှည့် – အနည်းငယ်
- သကြား – အနည်းငယ်
ပြုလုပ်နည်း
- ပြောင်းဖူးများကို အပေါ်ခွံခွာ အမွှေးအမျှင်သန့်စင်ပြီး ရေနှင့်စင်ကြယ်စွာဆေး၍ ပြုတ်ထားပါ။ ဆားဘဲဥ သို့မဟုတ် ရိုးရိုးဘဲဥ ကို သပ်သပ်ပြုတ်ပါ။ သဘောင်္သီးစိမ်း မုန်လာဥနီ ခရမ်းချဉ်သီး ငရုတ်သီးစိမ်းတို့ကို ပါးပါးလှီးထားပါ။
- ဂေါ်ဖီကို လက်လေးလုံး အရွယ်ခန့် လှီးဖြတ်ထားပါ။ ပဲသီးများကို တစ်ကိုက်စာအရွယ် ပြင်ထားပါ။ မန်ကျည်းသီးကို အရည်ဖျော်ထားပါ။
- ပြောင်းဖူးများအား အစေ့ခြွေ၍ ဖြစ်စေ ဓားနှင့် အပြားလိုက်လှီး၍ ဖြစ်စေ ပြင်ဆင်ထားပါ။ ဘဲဥကိုလည်း လေးစိတ်ခွဲထားပါ။
- ငရုတ်ဆုံထဲသို့ ပြောင်းဖူး မုန်လာဥနီ သဘောင်္သီး ငရုတ်သီး ခရမ်းချဉ်သီး တို့ကိုထည့်ပါ။ ပြောင်းဖူးပြုတ်ထားသော အရည်ကို ထမင်းစားဇွန်း နှစ်ဇွန်းခန့်ထည့်ပေးပါ။ ငံပြာရည် မန်ကျည်းရည် သကြားတို့ထည့်၍ ညင်သာစွာထောင်းပါ။ ဇွန်းနှင့်အသာအယာမွှေပေးဖို့ မမေ့ပါနှင့်။
- ထို့နောက် ပန်းကန်ထဲသို့ထည့်၍ မြေပဲဆံ ပုဇွန်ခြောက် ဘဲဥ တို့ထည့်ကာ ပန်းကန်ဘေးမှ ပဲသီးနှင့် ဂေါ်ဖီတို့ထည့်၍ တည်ခင်း သုံးဆောင်နိုင်ပါပြီ။