အာလူးကြော်စားတဲ့အခါမှာပဲဖြစ်ဖြစ်၊ ချက်စားတဲ့အခါမှာပဲဖြစ်ဖြစ် အာလူးအခွံကို ခွာမှသာလျှင် ပိုအရသာရှိပါတယ်။ ဒါပေမဲ့ အာလူးမီးဖုတ်ကျပြန်တော့ အာလူးအခွံ ကြွပ်ကြွပ်ရွရွလေး ပါနေမှ စားလို့ကောင်းတဲ့အစားအစာတစ်မျိုးဖြစ်သွားပြန်ပါတယ်။

MyFood Myanmar ရဲ့အစားအသောက်ချစ်သူတို့အနေနဲ့ ကြွပ်ရွတဲ့အာလူးအခွံလေးကိုပါ တကြွပ်ကြွပ်နဲ့ ဇိမ်ခံစားချင်တယ်ဆိုရင်တော့ အခုဖော်ပြပေးမယ့် ဝက်ပေါင်ခြောက် အာလူးမီးဖုတ်လေး လုပ်စားကြည့်လိုက်ပါ။

ပါဝင်ပစ္စည်းများ

  • အာလူး ၁၂ လုံး
  • သံလွင်ဆီ စားပွဲတင်ဇွန်း ၄ ဇွန်း
  • ဆား လက်ဖက်ရည်ဇွန်းတစ်ဝက်
  • ငရုတ်ကောင်းမှုန့် လက်ဖက်ရည်ဇွန်း ၈ ပုံ ၁ ပုံ
  • ဝက်ပေါင်ခြောက် ဝ.၅ ပေါင် (ကြွပ်နေအောင် ကြော်ပြီးနောက် ချေမွထားပါ)

  • ချိစ် စားပွဲတင်ဇွန်း ၈ ဇွန်း
  • Sour Cream စားပွဲတင်ဇွန်း ၄ ဇွန်း
  • ကြက်သွန်မြိတ် ၂ ပင် (ပါးပါးလှီးထားပါ)

ပြုလုပ်နည်း အဆင့်ဆင့်

၁။ Oven ကို ၄၀၀ ဒီဂရီဖာရင်ဟိုက်ဖြင့် ကြိုတင်အပူပေးထားပါ။ အာလူးများကို သံလွင်ဆီ စားပွဲတင်ဇွန်း ၂ ဇွန်းဖြင့် သုတ်လိမ်းထားပါ။ ထို့နောက် လင်ဗန်းထဲ ထည့်ကာ Oven ထဲတွင် မိနစ် ၄၀၊ ၄၅ မိနစ်ခန့် ထည့်ကာအပူပေးလိုက်ပါ။ သတ်မှတ်ချိန်ပြည့်ပါက အပြင်ထုတ်ကာ ၁၀ မိနစ်ခန့် အအေးခံလိုက်ပါ။

၂။ Oven ကို ၄၅၀ ဒီဂရီဖာရင်ဟိုက် ဖြစ်သွားအောင် အပူပေးပါ။

၃။ အာလူးများအေးသွားပါက ထက်ခြမ်း ခြမ်းပြီးနောက် ဇွန်းဖြင့် အာလူးအသားများကို ခြစ်ထုတ်လိုက်ပါ။ အားလူးအသား လက်မဝက်အထူခန့် ချန်ထားပေးလိုက်ပါ။

ကျန်ရှိနေတဲ့ သံလွင်ဆီ စားပွဲတင်ဇွန်း ၂ ဇွန်း၊ ဆား လက်ဖက်ရည်ဇွန်းတစ်ဝက်၊ ငရုတ်ကောင်းမှုန့်တို့ကို သမအောင် ရောမွှေလိုက်ပါ။ ထို့နောက် အာလူးအတွင်းနဲ့ အပြင်ကို သံလွင်ဆီ သုတ်လိမ်းလိုက်ပါ။

၄။ အာလူးများကို မှောက်ခုံအုပ်ကာ လင်ဗန်းထဲ ပြန်ထည့်ပြီးနောက် Oven ထဲတွင် ၁၀ မိနစ်ခန့် ပြန်ဖုတ်ပါ။ သတ်မှတ်ချိန်ပြည့်ပါက အာလူးများကို ပက်လက်လှန်ကာ နောက်ထပ် ၁၀ မိနစ်ခန့် ထပ်ဖုတ်ပါ။

၅။ ထို့နောက် ခွက်ပုံသဏ္ဍာန်ဖြစ်နေတဲ့ အာလူးထဲသို့ ချိစ်နှင့် ဝက်ပေါင်ခြောက်ကြော်များ ဖြူးထည့်လိုက်ပါ။ ထို့နောက် Oven ထဲတွင် ချိစ်များအရည်ပျော်သွားသည်အထိ ၂ မိနစ်၊ ၃ မိနစ်ခန့် အပူပေးပါ။

နောက်ဆုံးမှာတော့ ဝက်ပေါင်ခြောက် အာလူးမီးဖုတ်လေး ရရှိသွားပါပြီ။ Sour Cream အနည်းငယ်စီ ထည့်ကာ ကြက်သွန်မြိတ် အနည်းငယ် ဖြူးထည့်လိုက်ပါ။

ပြီးပြည့်စုံပြီး အရသာရှိတဲ့ အာလူးမီးဖုတ်လေးကို အားရပါးရ စားသုံးနိုင်ပါပြီ။

Source: Thebakermama.com