အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာ ဝေမျှပေးချင်တဲ့ ဝက်သားဟင်း ချက်နည်းကတော့ မှိုခြောက် ပန်းခြောက်ရယ်၊ ဟင်းသီးဟင်းရွက်တွေနဲ့ ကြက်ဥမွှေကြော်စတဲ့ ပါဝင်ပစ္စည်းများနဲ့ လျှာလည်သွားစေမယ့် ချက်ပြုတ်နည်းပဲဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ဝက်သား ၁၀၀ ဂရမ် (အနေတော်အတုံး တုံးထားပါ)
  • ကြက်ဥ ၂ လုံး (မွှေခလောက်ထားပါ)
  • မှိုခြောက် ပန်းခြောက် လက်တစ်ဆုပ်စာခန့် (ရေစိမ်ထားပါ)
  • သခွားသီး တစ်ဝက် (ပါးပါးလှီးထားပါ)
  • မုန်လာဥနီ ၁ လုံး (ပါးပါးလှီးထားပါ)

  • ဟင်းချက်ဆီ စားပွဲတင်ဇွန်း ၄ ဇွန်း
  • ကြက်သွန်ဖြူ ၁ မြွှာ (ပါးပါးလှီးထားါ)
  • ဆားအနည်းငယ်

ဝက်သား နယ်ဖတ်ရန် လိုအပ်သောဆော့စ်

  • ဆားအနည်းငယ်
  • ပဲငံပြာရည်ကြည် လက်ဖက်ရည်ဇွန်း ၂ ဇွန်း
  • ပြောင်းမှုန့် လက်ဖက်ရည်ဇွန်း ၂ ဇွန်း
  • ရေ စားပွဲတင်ဇွန်း ၂ ဇွန်း
  • နှမ်းဆီ လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ကြော်ရန် လိုအပ်သောဆော့စ်

  • ပဲငံပြာရည်အကြည် စားပွဲတင်ဇွန်း ၁ ဇွန်းနှင့် ပဲငံပြာရည်အနှောက် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • သကြား လက်ဖက်ရည်ဇွန်း ၄ ပုံ ၁ ပုံ
  • ရေ (သို့) ကြက်ပြုတ်ရည် စားပွဲတင်ဇွန်း ၁ ဇွန်း
  • ငရုတ်ကောင်းမှုန့်အနည်းငယ်
  • ရှာလကာရည် လက်ဖက်ရည်ဇွန်း တစ်ဝက်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ဝက်သားနယ်ရန်အတွက် အနေတော်အတုံး တုံးထားသော ဝက်သားကို ဆား၊ ပဲငံပြာရည်အကြည်၊ ပြောင်းမှုန့်၊ ရေ၊ နှမ်းဆီတို့ဖြင့် သမအောင် နယ်ဖတ်ထားလိုက်ပါ။ ဆော့စ်ကို အသားက ကောင်းမွန်စွာ စုပ်ယူနိုင်ဖို့ရန်အတွက် မိနစ် ၃၀ ခန့် နှပ်ထားပါ။

၂။ ပန်းကန်လုံးအသေးတစ်လုံးတွင် ပဲငံပြာရည်အကြည်၊ ပဲငံပြာရည်အနှောက်၊ သကြား၊ ရေ (သို့) ကြက်ပြုတ်ရည်၊ ငရုတ်ကောင်းမှုန့်၊ ရှာလကာရည်တို့ကို သမအောင် ရောမွှေထားလိုက်ပါ။

၃။ ကြက်ဥ ၂ လုံးကို ဆားအနည်းငယ်ထည့်ပြီး မွှေခလောက်ထားပါ။ ဒယ်အိုးကို အပူပေးပြီး ဆီ စားပွဲတင်ဇွန်း ၁ ဇွန်းထည့်ပါ။ ထို့နောက် ကြက်ဥထည့်ကာ မွှေကြော်ပေးလိုက်ပါ။ ပြီးရင်တော့ ပန်းကန်ထဲ ပြောင်းထည့်ထားပါ။

၄။ ဒယ်အိုးထဲသို့ ဆီအနည်းငယ် ထပ်ထည့်ပါ။ ဆီပူလာပါက ဝက်သားထည့်ပြီး ၅ စက္ကန့်၊ ၈ စက္ကန့်ခန့် အမြန်လေး ကြော်ပေးလိုက်ပါ။ ပြီးတာနဲ့ ပန်းကန်လုံးထဲသို့ ချက်ချင်းပြောင်းထည့်ပေးရပါမယ်။

၅။ ဒယ်အိုးထဲတွင် ဆီအနည်းငယ် ကျန်ခဲ့ပါလိမ့်မယ်။ ကြက်သွန်ထည့်ပြီး အနံ့မွှေးလာသည်အထိ ဆီသတ်ပါ။ မှိုခြောက်ပန်းခြောက်နှင့် မုန်လာဥနီတို့ထည့်ကာ ၁ မိနစ်ခန့် ကြော်ပေးလိုက်ပါ။ ကြက်ဥမွှေကြော် ပြန်ထည့်ပါ။ သခွားသီးနှင့် ဝက်သားတို့ထည့်ပြီး သမအောင် မွှေကြော်ပေးလိုက်ပါ။

၆။ ထို့နောက် အဆင့် (၂) က ပြုလုပ်ထားသော ဆော့စ်ကို ဒယ်အိုးထဲသို့ လောင်းထည့်ပြီး မွှေကြော်ပေးလိုက်ပါ။ ဆားအနည်းငယ်ထည့်ပြီး အရသာအပေါ့အငန်မြည်းကြည့်လိုက်ပါ။

ဒါဆိုရင်တော့ သီးစုံ ကြက်ဥမွှေကြော် ဝက်သားဟင်းတစ်ခွက် ရရှိသွားပါပြီ။

Source: Chinasichuanfood.com