အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာ ဝေမျှပေးချင်တဲ့ဟင်းလျာလေးကတော့ ဆွေမျိုးမေ့သွားလောက်တဲ့အထိ အရသာရှိတဲ့ သီးစုံ အမဲသားဟင်းပဲဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ

  • အမဲသား ၂ ပေါင် (တစ်လက်မပတ်လည် အတုံး တုံးထားပါ)
  • အာလူး ၁ ပေါင် (အခွံခွာပြီး တစ်လက်မပတ်လည် အတုံး တုံးထားပါ)
  • မုန်လာဥနီ ၂ လုံး (အခွံခွာပြီး တစ်လက်မပတ်လည် အတုံး တုံးထားပါ)
  • နံနံပင် ၂ ပင် (တစ်လက်မပတ်လည် အတုံး တုံးထားပါ)
  • ကြက်သွန်နီ ၁ ဥ (ပါးပါးလှီးထားပါ)နှင့် ကြက်သွန်ဖြူ ၃ မြွှာ (အခွံခွာပြီး ဓားပြားရိုက်ထားပါ)

  • ခရမ်းချဉ်သီးဆော့စ် စားပွဲတင်ဇွန်း ၂ ဇွန်း
  • ဟင်းရွက်ဆီ စားပွဲတင်ဇွန်း ၂ ဇွန်း၊ ဆားနှင့် ငရုတ်ကောင်းမှုန့်အနည်းငယ်
  • အမဲပြုတ်ရည် ၇၅၀ မီလီလီတာ
  • ရွှေပဲသီး ပန်းကန်လုံး တစ်ဝက်စာ
  • ဂျုံမှုန့် စားပွဲတင်ဇွန်း ၃ ဇွန်း

ပြုလုပ်နည်း အဆင့်ဆင့်

၁။ Oven ကို ၃၀၀ ဒီဂရီဖာရင်ဟိုက်ဖြင့် ကြိုတင်အပူပေးထားပါ။ အမဲသားကို ဆားဖြင့် သမအောင် နယ်ထားလိုက်ပါ။

၂။ ဒယ်အိုးတစ်လုံးကို အပူပေးပြီး ဆီထည့်ပါ။ ဆီပူလာပါက အမဲသားထည့်ပြီး အညိုရောင်ပြောင်းသွားသည်အထိ ကြော်ပေးလိုက်ပါ။ ပြီးရင်တော့ ပန်းကန်ပြားထဲ ပြောင်းထည့်ထားပါ။

၃။ ဒယ်အိုးရဲ့ မီးအပူချိန်ကို လျော့လိုက်ပြီးနောက် ကြက်သွန်နီထည့်ကာ ၅ မိနစ်ခန့် ဆီသတ်ပါ။ ပြီးရင်တော့ ကြက်သွန်ဖြူထည့်ပြီး နောက်ထပ် တစ်မိနစ်ခန့် ဆီထည့်သတ်ရပါမယ်။

၄။ ထို့နောက် ဂျုံမှုန့်ထည့်ကာ တစ်မိနစ်ခန့် မွှေပေးလိုက်ပါ။

၅။ နောက်တစ်ဆင့်အနေနဲ့ အမဲပြုတ်ရည်ကို ဖြည်းညှင်းစွာလောင်းထည့်ပြီး သမအောင် မွှေပေးလိုက်ပါ။ ထို့နောက် အမဲသားတုံးများကို အိုးထဲ ပြန်ထည့်လိုက်ပါ။ ခရမ်းချဉ်သီးအနှစ် ထည့်ပါ။ ထို့နောက် ဟင်းရည် ပွက်ပွက်ဆူလာသည်အထိ တည်ထားရပါမယ်။

၆။ ဟင်းရည် ပွက်ပွက်ဆူလာပြီဆိုရင်တော့ ထိုအိုးကို အဖုံးလုံအောင် အုပ်ထားပြီးနောက် အပူပေးထားသော Oven ထဲတွင် တစ်နာရီခန့် ထည့်ထားလိုက်ပါ။

၇။ တစ်နာရီပြည့်ပါက အာလူး၊ မုန်လာဥနီ၊ နံနံပင်တို့ ထည့်ကာ အိုးအဖုံးပြန်အုပ်ပြီး Oven ထဲမှာ မိနစ် ၃၀ ခန့် ပြန်ထည့်ထားလိုက်ပါ။

၈။ သတ်မှတ်ချိန်ပြည့်သွားလို့ အာလူးလည်း နူးအိသွားပြီဆိုရင်တော့ Oven ထဲကထုတ်ပြီး မီးဖိုပေါ်မှာ အဖုံးဖွင့်လျက်သားဖြင့် ၁၅ မိနစ်ခန့် အပူပေးရပါဦးမယ်။ ဟင်းရည်က ပျစ်သွားပြီဆိုရင်တော့ ရွှေပဲသီးထည့်ပါ။ ဆားနှင့် ငရုတ်ကောင်းမှုန့် အနည်းငယ် ထည့်ပြီးနောက် အရသာအပေါ့အငန်မြည်းကြည့်လိုက်ပါ။

ဒါဆိုရင်တော့ အရသာရှိတဲ့ သီးစုံ အမဲသားဟင်းလေး ရရှိသွားပါပြီ။

Source: Thespruceeats.com