အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာတော့ မုန်လာဥနီ၊ ဥဖြူတို့ကို အသုံးပြုပြီး ဆားရေစိမ် မုန်လာချဉ် စပ်စပ်လေး ပြုလုပ်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • မုန်လာဥနီ ၁ လုံး
  • မုန်လာဥဖြူ ၁ လုံး
  • တရုတ်နံနံ ၄ ပင်ခန့်
  • ငရုတ်သီး ၄ တောင့်
  • ဆား စားပွဲတင်ဇွန်း ၁ ဇွန်း

  • ငါးငံပြာရည် စားပွဲတင်ဇွန်း ၁ ဇွန်း
  • သကြား စားပွဲတင်ဇွန်း ၁ ဇွန်းခွဲ
  • ရှာလကာရည် စားပွဲတင်ဇွန်း ၂ ဇွန်း
  • ရေ ၄၅၀ မီလီလီတာ (စားပွဲတင်ဇွန်း ၃၀ ဇွန်း)
  • ၁ လီတာ ဝင်ဆံ့သော ဖန်ပုလင်း

ပြုလုပ်နည်း အဆင့်ဆင့်

၁။ မုန်လာဥနီနှင့် မုန်လာဥဖြူတို့ကို အခွံခွာပြီးနောက် ရေဆေးပါ။ ထို့နောက် အချောင်း သေးသေးလေးတွေ လှီးထားလိုက်ပါ။ (အန်စာတုံးငယ် ပုံသဏ္ဍာန် လှီးချင်လည်း ရပါတယ်။)

ငရုတ်သီးကိုလည်း ပါးပါးလှီးထားပါ။ တရုတ်နံနံကိုလည်း ပါးပါးလှီးထားပေးလိုကပါ။

၂။ မုန်လာဥနီနှင့် မုန်လာဥဖြူတို့ကို ပန်းကန်လုံးအကြီးထဲထည့်ကာ ဆား စားပွဲတင်ဇွန်း တစ်ဝက်ဖြင့် သမအောင် နယ်ထားလိုက်ပါ။ ထို့နောက် မိနစ် ၂၀ ခန့် နှပ်ထားဖို့လိုပါတယ်။

မိနစ် ၂၀ ပြည့်မှ ရေဖြင့်စင်ကြယ်အောင် ထပ်ဆေးပေးလိုက်ပါ။ ထိုကဲ့သို့ နှပ်ထားပေးခြင်းအားဖြင့် မုန်လာဥဖြူရဲ့ အစိမ်းနံ့ကို ဖယ်ရှားပေးပါလိမ့်မယ်။

၃။ ရေဖြင့် စင်ကြယ်အောင် ဆေးပြီးသွားပြီဆိုရင်တော့ လေလုံသော ဖန်ပုလင်းထဲတွင် မုန်လာဥများ ထည့်လိုက်ပါ။ ငရုတ်သီးနှင့် တရုတ်နံနံတို့ထည့်ပါ။ ငါးငံပြာရည်၊ ဆား၊ သကြားနှင့် ရှာလကာရည်တို့ကိုပါ ပုလင်းထဲ လောင်းထည့်လိုက်ပါ။ ထို့နောက် မုန်လာဥများ ဖုံးသွားသည်အထိ ရေ ထည့်ပေးရပါမယ်။

၄။ ထို့နောက် ပုလင်းကို လုံအောင် အဖုံးပိတ်ပြီး ရေခဲသေတ္တာထဲတွင် အနည်းဆုံး ၂ နာရီမှ တစ်ညကြာသည်အထိ ထည့်ထားပေးလိုက်ပါ။

၅။ မုန်လာချဉ်အဖြစ် တို့စားတော့မယ်ဆိုမှ မိမိစားမယ့် ပမာဏခန့်ကို ပန်းကန်လုံးအသေးထဲထည့်ပါ။ ထို့နောက် နှမ်းဆီ အနည်းငယ် ဆမ်းထည့်ပေးလိုက်ပါ။

ဒါဆိုရင်တော့ ခေါက်ဆွဲစားတဲ့အခါ စွပ်ပြုတ်သောက်တဲ့အခါမျိုးတွေမှာ ဆားရေစိမ် အချဉ်အဖြစ် တို့စားနိုင်ပါတယ်။

Source: Chinasichuanfood.com