အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာတော့ ဝက်သားစဉ်းကောကြော်တွေ ထည့်လုံးထားတဲ့ အာလူးလုံးကြော် ပြုလုပ်နည်းကို ဝေမျှပေးချင်ပါတယ်။
ပါဝင်ပစ္စည်းများ
- အာလူး ၂ ပေါင် (အခွံခွာပြီး အတုံးသေး တုံးထားပါ)
- ဝက်သားစဉ်းကော ဝ.၅ ပေါင်
- ကြက်ဥ ၃ လုံး
- ပေါင်မုန့်အကြေအစများ ပန်းကန်လုံး ၂ လုံးစာ (၂၄၀ ဂရမ်)
- ဆား၊ ငရုတ်ကောင်းမှုန့်နှင့် ကြော်ရန် ဆီ
ပြုလုပ်နည်း အဆင့်ဆင့်
၁။ အာလူးအတုံးများကို အိုးထဲထည့်ပါ။ ရေနှင့် ဆားတို့ထည့်ပြီး ၁၅ မိနစ်ခန့် ပြုတ်ပေးလိုက်ပါ။
၂။ ရရှိလာတဲ့ အာလူးပြုတ်ကို လင်ဗန်းပေါ် တင်ပြီးနောက် ခက်ရင်းဖြင့် ချေပေးလိုက်ပါ။
၃။ နောက်တစ်ဆင့်အနေနဲ့ ဝက်သားကြော်ပေးလိုက်ပါ။
ဒယ်အိုးကို အပူပေးပါ။ ဆီထည့်ပြီးနောက် ဝက်သားစဉ်းကောများကို ၅ မိနစ်ခန့် ကြော်ပေးလိုက်ပါ။
၄။ ဇလုံအကြီးတစ်လုံးတွင် အာလူးနှင့် ဝက်သားတို့ထည့်ပြီးနောက် ဆား၊ ငရုတ်ကောင်းမှုန့်အနည်းငယ်ထည့်ကာ သမအောင် နယ်ပေးလိုက်ပါ။ ကြက်ဥ ၁ လုံးဖောက်ထည့်ပြီး ထပ်နယ်ပေးရပါမယ်။
၅။ ရရှိလာတဲ့ အာလူး ဝက်သားအရောအနှောကို ဘောလုံးသေးသေးလေးဖြစ်သွားအောင် လုံးပေးလိုက်ပါ။ (အာလူးလုံး အရွယ်အစား တူချင်တယ်ဆိုရင်တော့ ရေခဲမုန့်ခပ်တဲ့ဇွန်းဖြင့် အာလူးများကို ခပ်ပြီး လုံးပေးနိုင်ပါတယ်။)
၆။ အာလူးလုံးများကို လင်ဗန်းပေါ်တွင် တင်ထားပြီးနောက် ရေခဲသေတ္တာထဲတွင် ၂ နာရီခန့် အအေးခံထားလိုက်ပါ။
၇။ ကျန်ရှိနေသော ကြက်ဥ ၂ လုံးကို မွှေခလောက်ထားပါ။ အအေးခံပြီးသွားသော အာလူးများကို ကြက်ဥထဲ ထည့်နှစ်လိုက်ပါ။ ထို့နောက်ပေါင်မုန့်အကြေအစများ ကပ်ပေးလိုက်ပါ။
၈။ ဒယ်အိုးတစ်လုံးကို အပူပေးပြီး ဆီထည့်ပါ။ ဆီပူလာပါက အာလူးလုံးများကို ၃ မိနစ်ခန့် ကြော်ပေးလိုက်ပါ။
၃ မိနစ်ခန့်ကြော်ပြီးသွားတာနဲ့ ရွှေရောင်အဆင်းသဏ္ဍာန်ရှိပြီး ကြွပ်ကြွပ်ရွရွလေးနဲ့ စားလို့ကောင်းတဲ့ ဝက်သားစဉ်းကော အစာသွပ် အာလူးလုံးကြော်လေး ရရှိသွားပါပြီ။
မိမိနှစ်သက်ရာအချဉ်ရည်ဖြင့် အရသာရှိရှိစားသုံးနိုင်ပါတယ်။
Source : Fifteenspatulas.com