အားလုံးပဲ မင်္ဂလာပါ။ ဖက်ထုပ်ကြော် ကြိုက်နှစ်သက်သူများအတွက် ဒီတစ်ခါမှာတော့ ဆီနည်းနည်းနဲ့ ကြော်ထားပြီး ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ဝက်သား ဖက်ထုပ်ကြော် ပြုလုပ်နည်းလေးကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ဝက်သား ၂ ပေါင်ခန့်
  • အသင့်လုပ် ဂျုံပြား ၁၅ ခုခန့်
  • ကြက်သွန်မြိတ် ၃ ပင် (ပါးပါးလှီးထားပါ)၊ ကြက်သွန်နီ ၁ လုံးနှင့် ကြက်သွန်ဖြူ ၃ မြွှာ (ပါးပါးလှီးထားပါ)
  • ဂျင်း ၂ ပြားခန့်
  • တရုတ်နံနံ၊ ဂေါ်ဖီထုပ်၊ ဟင်းနုနွယ် အနည်းငယ်
  • ကြက်ဥ တစ်လုံး
  • ပဲငံပြာရည် အကြည် စားပွဲတင်ဇွန်း သုံးဇွန်း
  • နှမ်းဆီ စားပွဲတင်ဇွန်း နှစ်ဇွန်း
  • ငရုတ်ကောင်းမှုန့် စားပွဲတင်ဇွန်း တစ်ဇွန်း
  • ရေ ၂၅၀ မီလီလီတာနှင့် ဟင်းချက်ဆီ စားပွဲတင်ဇွန်း သုံးဇွန်း

ပြုလုပ်နည်း အဆင့်ဆင့်

၁။ တရုတ်နံနံ၊ ကြက်သွန်နီ၊ ဂျင်း၊ ကြက်သွန်မြိတ်၊ ကြက်သွန်ဖြူ၊ ဂေါ်ဖီထုပ်နှင့် ဟင်းနုနွယ်တို့ကို ပါးပါးလှီးထားပါ။

၂။ ဝက်သားကို နုပ်နုပ်စဉ်းပြီးနောက် စောစောက ပါးပါလှီးထားသော ဟင်းသီးဟင်းရွက် အားလုံးနဲ့ ရောနယ်ပေးလိုက်ပါ။ ကြက်ဥ ဖောက်ထည့်လိုက်ပါ။ ပဲငံပြာရည်၊ နှမ်းဆီနှင့် ငရုတ်ကောင်းမှုန့်တို့ထည့်ပြီး သမအောင် ထပ်မွှေပေးလိုက်ပါ။

၃။ ရရှိလာသော အစားအစာများကို အသင့်လုပ် ဂျုံပြားထဲထည့်ကာ လေမဝင်အောင် ပိတ်ထားလိုက်ပါ။

၄။ ဒယ်အိုးကို အပူပေးပြီး ဆီထည့်ပါ။ ဆီပူလာပါက စောစောက ထုပ်ထားသော ဖက်ထုပ်များကို ဒယ်အိုးထဲထည့်ကာ နှစ်မိနစ်ခန့် ကြော်ပေးလိုက်ပါ။

၅။ ရေ ၁၂၅ မီလီလီတာခန့်ကို ဒယ်အိုးထဲထည့်ပြီး အဖုံးဖုံးကာ လေးမိနစ်ခန့် ပေါင်းပေးလိုက်ပါ။ အချိန်ပြည့်ပါက ကျန်ရှိနေတဲ့ ရေတစ်ဝက်ကို ထပ်ထည့်ပြီး အဖုံးပိတ်ကာ လေးမိနစ် ထပ်ပေါင်းပေးရပါမယ်။

၆။ ဆီ စားပွဲတင်ဇွန်း နှစ်ဇွန်းထပ်ထည့်ပြီး ၂ မိနစ်၊ ၃ မိနစ်ခန့် ထပ်ကြော်ပေးလိုက်ပါ။

၇။ ထို့နောက် ပန်းကန်ပြားထဲ ပြောင်းထည့်ပြီး အအေးခံကာ အရသာရှိရှိ စားသုံးပေးနိုင်ပါပြီ။

Source: Kitchenbowl.com