ဟင်းသီးဟင်းရွက်များကို လုပ်စားတတ်မယ်ဆိုရင် ဟင်းလျာအဖြစ်သာ စားသုံးနိုင်ရုံတင်မကဘဲ အာဟာရပြည့်ဝတဲ့ သွားရေစာအဖြစ်ပါ စားသုံးနိုင်ပါတယ်။ စာဖတ်သူတို့အနေနဲ့လည်း ရွှေဖရုံသီးအသုံးပြုပြီး ဘယ်လိုအရသာရှိတဲ့ သွားရေစာလုပ်စားမလဲဆိုတာကို သိချင်တယ်ဆိုရင်တော့ အခုဖော်ပြပေးမယ့် မုန့်လုပ်နည်းလေးကို အတူတူဆက်လေ့လာကြည့်လိုက်ရအောင်။

ပါဝင်ပစ္စည်းများ

  • ဂျုံမှုန့် ၂၅၆ ဂရမ်
  • ကြက်ဥ ၂ လုံး
  • နွားနို့ စားပွဲတင်ဇွန်း ၁၆ ဇွန်း
  • ရွှေဖရုံသီးအနှစ် စားပွဲတင်ဇွန်း ၈ ဇွန်း
  • သကြား စားပွဲတင်ဇွန်း ၂ ဇွန်း

  • သစ်ကြမ်းပိုးခေါက်အမှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက်
  • ဇာတိပ္ဖိုလ်အမှုန့် လက်ဖက်ရည်ဇွန်း ၄ ပုံ ၁ ပုံ
  • ထောပတ်အနည်းငယ်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ဒယ်အိုးကို အလယ်အလတ်မီးအပူချိန်ဖြင့် ကြိုတင်အပူပေးထားလိုက်ပါ။

၂။ ပန်းကန်လုံးအကြီးတစ်လုံးထဲတွင် ကြက်ဥနှင့် နွားနို့တို့ကို သမအောင် မွှေခလောက်ထားလိုက်ပါ။ ထို့နောက် ဂျုံမှုန့်၊ ရွှေဖရုံသီးအနှစ်၊ သကြား၊ သစ်ကြမ်းပိုးခေါက်နှင့် ဇာတိပ္ဖိုလ်အမှုန့်တို့ထည့်ကာ သမအောင် ထပ်မံမွှေခလောက်ပေးလိုက်ပါ။

၃။ ရရှိလာတဲ့ မုန့်နှစ်ကို ၁၀ မိနစ်ခန့် နှပ်ထားလိုက်ပါ။

၄။ ဒယ်အိုးပူထဲသို့ ထောပတ်ထည့်ကာ အရည်ဖျော်ထားလိုက်ပါ။ ထို့နောက် ဒယ်အိုးပူထဲသို့ မုန့်နှစ်များကို ယောက်ချိုဇွန်း ၄ ပုံ ၁ ပုံစာ (စားပွဲတင်ဇွန်း ၄ ဇွန်းစာ)ခန့်ထည့်ကာ အောက်ခြေက အညိုရောင် ပြောင်းသွားပြီး အပေါ်မျက်နှာပြင်က ပူစီဖောင်းလေးများ ထလာသည်အထိ ကြော်ပေးလိုက်ပါ။

၅။ ထို့နောက် အခြားတစ်ဖက်သို့လှန်ကာ နောက်ထပ် ၁ မိနစ်မှ ၃ မိနစ်ခန့်အထိ ကြော်ပေးရပါမယ်။

ကြော်ပြီးသွားသော ပန်ကိတ်များကို ပန်းကန်ထဲသို့ ပြောင်းထည့်ကာ အချိုရည် (ပျားရည် သို့မဟုတ် သကြားရည်) ဆမ်းထည့်လိုက်ပါ။ ဒါဆိုရင်တော့ အရသာရှိတဲ့ ရွှေဖရုံသီးပန်ကိတ်ကြော်လေး ရရှိသွားပါပြီ။

Source: Thespruceeats.com