နွေဦးရာသီမှာ ရဲရဲနီအောင် ပွင့်တတ်တဲ့ လက်ပံပွင့်လေးတွေကို ရခိုင်သုပ်လေး သုပ်ထားတာပါ ။ ဒါပေမဲ့ ခုချက်ခြင်း  ကောက် ၊ ခုချက်ခြင်း သုပ်တာမျိုး မဟုတ်ပါဘူး ။ အခြောက်ခံ ထားတဲ့ လက်ပံပွင့်တွေကို သုပ်ထားတာပါ။ အညာသူ ညီမငယ် တစ်ယောက်ပေးတဲ့ လက်ပံပွင့်ခြောက်တွေကို ရခိုင်သား ကိုခိုင်လင်းပြောပြတဲ့ သုပ်နည်းနဲ့ သုပ်ထားတာပါ။

ပါဝင်ပစ္စည်းများ

လက်ပံပွင့်ရခိုင်သုပ်.1

  • လက်ပံပွင့်ခြောက်
  • ငရုပ်သီးစိမ်း
  • ကြက်သွန်ဖြူ
  • ငရုပ်ကောင်းစေ့
  • ငပိမီးကင်
  • ပုဇွန်ခြောက်
  • ကြက်သွန်နီ
  • ဆား
  • အရသာမှုန့်
  • နံနံပင်
  • သံပုရာသီး

ပြုလုပ်နည်း

သုပ်နည်းကတော့ လက်ပံပွင့်ခြောက်တွေကို ညကတည်းက ရေစိမ်ထားပြီး မနက်ကျတော့မှ ရေဆေးပြီး ပြုတ်ပါတယ်။

လက်ပံပွင့်တွေ စားလို့ရတဲ့ အနေအထား ရောက်ရင် ရေပြန်ဆေးပြီး ရေစစ်အောင် ထားကာ ပါးပါးလှီးပါတယ်။

ထို့နောက် ငရုပ်သီးစိမ်း၊ ကြက်သွန်ဖြူတို့ကို မညှက်တညှက် ထောင်းပါတယ်။ ငရုပ်ကောင်းစေ့ အနည်းငယ်ကိုပါ ထည့်ထောင်းပါတယ်။  ငရုပ်ကောင်းစေ့ မရှိရင် အမှုန့်ကို ထည့်နိုင်ပါတယ်။

ပြီးရင် ငပိမီးကင်ထားတာ ထည့်ထောင်းပါတယ်။ (ကျွန်မကတော့ ပုဇွန်ခြောက်လေး နည်းနည်းပါ ထည့်ထားပါတယ်)

ပြီးတော့ ပါးပါးလှီးထားတဲ့ လက်ပံပွင့်တွေကို ဇလုံတစ်ခုထဲထည့်ပြီး စောစောက ထောင်းထားတဲ့ ငရုပ်သီးထောင်း အရောအနှောနဲ့ ကြက်သွန်နီ ပါးပါးလှီး၊ ဆား၊ အရသာမှုန့် ၊ နံနံပင်၊ သံပုရာသီး ချဉ်ချဉ်လေးထည့်ပြီး နယ်လိုက်တာနဲ့ ငရုပ်ကောင်းနံ့၊ သံပုရာနံ့လေး မွှေးကြိုင်ပြီး အရသာရှိတဲ့ လက်ပံပွင့် ရခိုင်သုပ်ရပါပြီ။

Credit: အစိမ်းရောင် လွင်ပြင်