ကညွှတ်များ မှန်မှန်စားသုံးပေးခြင်းအားဖြင့် အစာချေစနစ်ကောင်းမွန်ခြင်း၊ သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးခြင်း၊ နှလုံးရောဂါ ဖြစ်ပွားခြင်းနှင့် စိတ်ကျရောဂါခံစားရခြင်းမှ ကာကွယ်ပေးခြင်း၊ အရိုးပွရောဂါ ဖြစ်ပွားခြင်းမှ ကာကွယ်ပေးခြင်း၊ ကင်ဆာရောဂါမှ ကာကွယ်ပေးခြင်း အစရှိတဲ့ ကျန်းမာရေးအကျိုးကျေးဇူးများကို ခံစားရရှိနိုင်ပါတယ်။

ထိုကဲ့သို့ ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ ကညွှတ်ကို မှိုနဲ့ အရသာရှိရှိ ဘယ်လိုကြော်စားနိုင်မလဲဆိုတာကို အတူတူဆက်လေ့လာကြည့်လိုက်ရအောင်။

ပါဝင်ပစ္စည်းများ

  • ကညွှတ် ၁ စည်း
  • သံလွင်ဆီ စားပွဲတင်ဇွန်း ၁ ဇွန်း
  • ဆားနှင့် ငရုတ်ကောင်းမှုန့် အနည်းငယ်
  • ထောပတ် စားပွဲတင်ဇွန်း ၄ ဇွန်း
  • ကြက်သွန်နီ ၁ ဥ (ပါးပါးလှီးထားပါ)

  • ကြက်သွန်ဖြူ ၂ မြွှာ (ပါးပါးလှီးထားပါ)
  • မှို ၁၂ အောင်စ (ပါးပါးလှီးထားပါ)
  • ဝိုင်ဖြူ စားပွဲတင်ဇွန်း ၈ ဇွန်း

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ခဲဖတ်ခံထားသော လင်ဗန်းပေါ်သို့ ၃ လက်မအရှည် လှီးဖြတ်ထားသော ကညွှတ်များ တင်ပါ။ သံလွင်ဆီ၊ ဆားနှင့် ငရုတ်ကောင်းမှုန့်တို့ဖြင့် သမအောင် နယ်ထားပြီးတဲ့နောက်မှာ ၄၂၅ ဒီဂရီဖာရင်ဟိုက်ဖြင့် ကြိုတင်အပူပေးထားသော Oven ထဲတွင် မိနစ် အနည်းငယ်ခန့် ထည့်ထားပါ။

Oven မသုံးချင်ပါက ဒယ်အိုးထဲတွင် ပျော့သွားသည်အထိ လှော်ပေးနိုင်ပါတယ်။ လှော်ပြီးသား ကညွှတ်များကို အအေးခံပြီးတဲ့နောက်မှာ တစ်လက်မအရှည်ခန့် ပြန်လှီးဖြတ်ထားပါ။

၂။ ထို့နောက် ဒယ်အိုးထဲသို့ ထောပတ်ထည့်ကာ အရည်ဖျော်ပြီးတဲ့နောက်မှာ ကြက်သွန်နီထည့်ပြီး တစ်မိနစ်ခန့် ဆီသတ်ပါ။

၃။ ကြက်သွန်ဖြူနှင့် မှိုထည့်ပြီး မှိုက အညိုရောင်ပြောင်းသွားသည်အထိ ကြော်ပေးလိုက်ပါ။ ထို့နောက် ဟင်းချက်ဝိုင် ထည့်ပြီး မှိုများ ဝိုင်ကို စုပ်ယူသွားသည်အထိ မွှေပေးလိုက်ပါ။

၄။ ထို့နောက် ကညွှတ်ထည့်ကာ သမအောင် မွှေကြော်ပေးလိုက်ပါ။

အရသာအပေါ့အငန် မြည်းကြည့်ပြီးတဲ့နောက်မှာတော့ အရသာရှိတဲ့ မှို ကညွှတ်ကြော်ဟင်းလျာတစ်ခွက် ရရှိသွားပါပြီ။

Source: Onceuponachef.com