အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာ ဝေမျှပေးချင်တဲ့ ဟင်းချက်နည်းကတော့ မုန်လာဥနီ အာလူးချောင်းရောကြော်ပဲဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ

  • အာလူး အလုံးကြီး ၁ လုံး
  • မုန်လာဥနီ ၁ လုံး
  • ကြက်သွန်မြိတ် ၁ ပင်
  • ငရုတ်သီးတောင့် ၁ တောင့် (ပါးပါးလှီးထားပါ)
  • ဂျင်းပြား ၃ ပြား

  • ငရုတ်ကောင်းစေ့ ၁၀ စေ့ (ငရုတ်ကောင်းမှုန့်ဖြင့် အစားထိုးနိုင်ပါတယ်)
  • ကြက်သားမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • သကြား လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ရှာလကာရည် စားပွဲတင်ဇွန်း ၂ ဇွန်း
  • ဆားအနည်းငယ်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ပန်းကန်လုံးတစ်လုံးထဲသို့ ရေထည့်ပြီးနောက် ဆားအနည်းငယ်ထည့်ထားလိုက်ပါ။ အာလူးကို အခွံခွာပြီးနောက် အချောင်းလိုက် လှီးဖြတ်ထားကာ စောစောက ပန်းကန်လုံးထဲတွင် ၁၀ မိနစ်ခန့် စိမ်ထားလိုက်ပါ။

၂။ မုန်လာဥနီကိုလည်း အခွံခွာလိုက်ကာ အာလူးနှင့် အရွယ်အစားတူ အချောင်းရအောင် လှီးဖြတ်ထားပါ။

၃။ ကြက်သွန်မြိတ် လှီးဖြတ်တဲ့အခါမှာလည်း ဖြူသောအစိတ်အပိုင်းနှင့် စိမ်းသော အစိမ်းအပိုင်းကို သပ်သပ်စီလှီးဖြတ်ပေးရပါမယ်။

၄။ အာလူးစိမ်ထားတဲ့အချိန် ဆယ်မိနစ်ပြည့်ပါက ပန်းကန်လုံးထဲမှ ဆယ်ယူပြီး ခြောက်အောင်သုတ်ထားလိုကပါ။

၅။ ဒယ်အိုးကို အပူပေးပြီး ဆီများများထည့်ထားပါ။ ဆီပူလာပါက ဂျင်း၊ ကြက်သွန်မြိတ် (ဖြူသောအစိတ်အပိုင်းသာ)၊ ငရုတ်သီးနှင့် ငရုတကောင်းစေ့တို့ထည့်ကာ ဆီသတ်လိုက်ပါ။

၆။ ဆီက ပွက်ပွက်ဆူလာပြီဆိုရင်တော့ အာလူးထည့်ကာ ကြော်လိုက်ပါ။ ထို့နောက် မုန်လာဥနီထည့်ကာ တစ်မိနစ်ခန့်ကြော်ပါ။ ပြီးတာနဲ့ ကြက်သားမှုန့်နှင့် သကြားတို့ထည့်ကာ သမအောင်ကြော်ပါ။ အာလူး အိုးမကပ်ဖို့ရန်အတွက် အဆက်မပြတ် မွှေကြော်ပေးဖို့လိုပါတယ်။

၇။ တစ်မိနစ်ပြည့်သွားတဲ့အခါ ရှာလကာရည်ထည့်ပါ။ ဆားထည့်ကာ ၁၀ မိနစ်ကြော်ပေးလိုက်ပါ။ မီးဖိုပေါ်က ချခါနီးကျမှ ကြက်သွန်မြိတ်ထည့်ပြီး နောက်ဆုံးတစ်ခေါက် မွှေကြော်ပေးလိုက်ပါ။

ဒါဆိုရင်တော့ အရသာရှိတဲ့ မုန်လာဥနီ အာလူးချောင်းကြော်လေး ရရှိသွားပါပြီ။

Source: Blenderandbasil.com