အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာတော့ ဖက်ထုပ်ချစ်သူများအတွက် ပါဝင်ပစ္စည်း (၅) မျိုးတည်းနဲ့ အရသာရှိတဲ့ပြောင်းဖူး ပုစွန်ဖက်ထုပ်ပြုတ် ဘယ်လိုလုပ်စားရမလဲဆိုတာကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

Source: Bettycrocker.com

  • ဖက်ထုပ်ပြုလုပ်ရန် လိုအပ်သည့် ဂျုံပြား ၁ ထုပ်
  • ပုစွန် ၁၀၀ ဂရမ် (ရေဆေးပြီး အခွံချွတ်ထားပါ)
  • ပြောင်းဖူး ၁၀၀ ဂရမ်
  • ဆား လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ငရုတ်ကောင်းမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ပုစွန်နှင့် ပြောင်းဖူးတို့ကို နုပ်နုပ်စဉ်းထားပါ။

၂။ ပန်းကန်လုံးအကြီးတစ်လုံးတွင် နုပ်နုပ်စဉ်းထားသော ပုစွန်နှင့် ပြောင်းဖူး၊ ဆားနှင့် ငရုတ်ကောင်းမှုန့်တို့ကို ၂ မိနစ်၊ ၃ မိနစ်ခန့် သမအောင်မွှေပေးလိုက်ပါ။ ထို့နောက် ၁၀ မိနစ်ခန့် နှပ်ထားပါ။

၃။ ထို့နောက် ဖက်ထုပ် ဂျုံပြားများကို အဆင်သင့်ပြင်ထားပါ။ ဂျုံပြားအလယ်ဗဟိုတည့်တည့်ပေါ်တွင် နယ်ထားသော ပြောင်းဖူး ပုစွန်အရောအနှော စားပွဲတင်ဇွန်း တစ်ဇွန်းခန့်ထည့်ပေးလိုက်ပါ။ ဂျုံပြားရဲ့ ဘေးပတ်ပတ်လည်ပေါ်သို့ ရေအနည်းငယ် ဆွတ်ပေးကာ ဂျုံပြားကို အလယ်တည့်တည့်ကနေ လခြမ်းပုံသဏ္ဍာန် ထက်ဝက်ခေါက်ချလိုက်ပါ။ ထို့နောက် ဘေးအနားသားများကို အထပ်ထပ် ပိတ်လိုက်ပါ။

ထိုနည်းအတိုင်း ကျန်ရှိနေသော ဂျုံပြားနှင့် ပြောင်းဖူး ပုစွန်အရောအနှောတို့ ကုန်သွားသည်အထိ ဖက်ထုပ်လိပ်များ ပြုလုပ်ပေးလိုက်ပါ။

၄။ အိုးတစ်လုံးထဲတွင် ရေထည့်ပြီးနောက် ပွက်ပွက်ဆူလာအောင် တည်ထားလိုက်ပါ။ ပွက်ပွက်ဆူလာပြီဆိုရင်တော့ လိပ်ထားေးသာ ဖက်ထုပ်များကို ရေနွေးပူထဲတွင် ခေါက်ဆွဲပြုတ်သကဲ့သို့ ထည့်ပြုတ်ပေးလိုက်ပါ။

၅။ မိနစ်အနည်းငယ်ပြုတ်ပြီးတဲ့နောက်မှာတော့ ဖက်ထုပ်များကို ဆယ်ယူပေးလိုက်ပါ။

ဒါဆိုရင်တော့ အရသာရှိတဲ့ ပြောင်းဖူး ပုစွန်ဖက်ထုပ်ပြုတ်လေး ရရှိသွားပါပြီ။ မိမိကြိုက်နှစ်သက်ရာအချဉ်ရည်ဖြင့် အရသာရှိရှိသုံးဆောင်နိုင်ပါတယ်။

Source : Chinasichuanfood.com