အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာ ဝေမျှပေးချင်တဲ့ဟင်းလျာလေးကတော့ ပဲပင်ပေါက်နှင့် အပ်မှိုရောကြော်ပေါ်သို့ အမဲသားဟင်းရည် စပ်စပ်လေး လောင်းထည့်ထားတဲ့ ဟင်းလျာတစ်ခွက် ပြင်ဆင်ချက်ပြုတ်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • အမဲသား ၁၀ အောင်စ (အလွှာလိုက် ပါးပါးလှီးပြီးနောက် ဓားပြားရိုက်ထားပါ)
  • မုန့်ဖုတ်ဆိုဒါ လက်ဖက်ရည်ဇွန်း ၄ ပုံ ၁ ပုံနှင့် ရေ စားပွဲတင်ဇွန်း ၄ ဇွန်း
  • ပြောင်းမှုန့် လက်ဖက်ရည်ဇွန်း ၂ ဇွန်း
  • မြေပဲဆီ စားပွဲတင်ဇွန်း ၅ ဇွန်း
  • ပဲပင်ပေါက် ၆ အောင်စ (ရေဖြင့် စင်ကြယ်အောင် ဆေးကြောထားပါ)

  • အပ်မှို ၇ အောင်စ (ရေဆေးထားပါ)
  • ဂျင်း ၃ ပြား
  • ကြက်သွန်မြိတ် ၃ ပင် (လက်မဝက်အရှည် လှီးဖြတ်ထားပါ)
  • ငရုတ်ကောင်းစေ့ စားပွဲတင်ဇွန်း ၁ ဇွန်း
  • ငရုတ်နှစ် စားပွဲတင်ဇွန်း ၃ ဇွန်းနှင့် ငရုတ်သီးမှုန့် လက်ဖက်ရည်ဇွန်းတစ်ဝက်

  • ကြက်ပြုတ်ရည် စားပွဲတင်ဇွန်း ၂၄ ဇွန်း
  • သကြား လက်ဖက်ရည်ဇွန်း ၁ ဇွန်းခွဲ
  • နုပ်နုပ်စဉ်းထားသော ကြက်သွန်ဖြူ စားပွဲတင်ဇွန်း ၁ ဇွန်း

ပြုလုပ်နည်း အဆင့်ဆင့်

၁။ အမဲသားကို ပြောင်းမှုန့် လက်ဖက်ရည်ဇွန်း ၂ ဇွန်း၊ မုန့်ဖုတ်ဆိုဒါ၊ ရေတို့ဖြင့် သမအောင် နယ်ထားလိုက်ပါ။

၂။ ဒယ်အိုးတစ်လုံးကို အပူပေးပြီး ဆီ စားပွဲတင်ဇွန်း ၁ ဇွန်းထည့်ပါ။ ဆီပူလာပါက ပဲပင်ပေါက် ထည့်ပြီး ၂ မိနစ်ခန့် ကြော်ပေးလိုက်ပါ။ ထို့နောက် အပ်မှို ထည့်ပြီး သမအောင် မွှေကြော်ပေးလိုက်ပါ။

၃။ ရရှိလာတဲ့ ဟင်းရွက်ကြော်များကို ဇောက်နက်သော ဟင်းပန်းကန်လုံးထဲသို့ ထည့်ထားလိုက်ပါ။

၄။ ဒယ်အိုးကို ရေဆေး သန့်စင်ပြီးတဲ့နောက်မှာတော့ ဆီ စားပွဲတင်ဇွန်း ၄ ဇွန်းထည့်ပါ။ ဆီပူလာပါက ဂျင်းပြားထည့်ပြီး ဂျင်းများ အညိုရောင်ပြောင်းသွားသည်အထိ ဆီသတ်ပါ။ ထို့နောက် ကြက်သွန်မြိတ်နှင့် ငရုတ်ကောင်းစေ့တို့ထည့်ကာ ၂ မိနစ်ခန့် ဆီသတ်ပါ။

၅။ ပြီးရင်တော့ ငရုတ်နှစ်နှင့် ငရုတ်သီးမှုန့်တို့ထည့်ကာ ၃ မိနစ်၊ ၄ မိနစ်ခန့် ဆီသတ်ပါ။ ဆီတွေ နီရဲလာပါက ကြက်ပြုတ်ရည်နှင့် သကြားတို့ထည့်ကာ အရည် ဆူပွက်လာသည်အထိ တည်ထားလိုက်ပါ။

၆။ ဆူပွက်လာပါက အမဲသားထည့်ပြီး မီးပြင်းပြင်းဖြင့် ၂ မိနစ်၊ ၃ မိနစ်ခန့် မွှေကြော်ပေးလိုက်ပါ။

၇။ ပြီးတာနဲ့ စောစောက ပဲပင်ပေါက်ကြော် ပန်းကန်ထဲသို့ အမဲသားနှင့် ဟင်းရည်များ လောင်းထည့်လိုက်ပါ။

ဒါဆိုရင်တော့ အရသာရှိတဲ့ ပဲပင်ပေါက် အပ်မှိုကြော် အမဲသားဟင်းစပ်စပ်လေး ရရှိသွားပါပြီ။

Source: Thewoksoflife.com