အရသာရှိတဲ့ ဟင်းလျာများ ချက်ပြုတ်နေတုန်းမှာ အခြားသောအိမ်အလုပ်တွေလည်း တပြိုင်နက်တည်း ပြီးမြောက်ချင်တဲ့ အလုပ်ရှုပ်တဲ့အိမ်ရှင်မတွေ ရှိကြမှာပဲနော်။

တစ်ချက်ခုတ် နှစ်ချက်ပြတ်ဆိုသလို ဟင်းပွဲတွေလည်း ကျက်၊ အိမ်အလုပ်တွေလည်း ပြီးစေမယ့်နည်းကတော့ Slow Cooker နဲ့ ဟင်းချက်နည်းပဲ ဖြစ်ပါတယ်။ ဒါဆိုရင် Slow Cooker နဲ့ အရသာရှိတဲ့ သီးစုံကြက်သားဟင်း ဘယ်လိုချက်မလဲဆိုတာကို အတူတူလေ့လာကြည့်လိုက်ရအောင်။

ပါဝင်ပစ္စည်းများ

  • ကြက်သား ၂ ပေါင်ခွဲ (အနေတော်အတုံး တုံးထားပါ)
  • အာလူး ၂ လုံး (ခပ်ကြီးကြီး တုံးထားပါ)
  • မုန်လာဥနီ ၁ လုံး (အတုံးခပ်ကြီးကြီး တုံးထားပါ)
  • ကြက်သွန်နီ တစ်ခြမ်း (အတုံးကြီးကြီး တုံးထားပါ)
  • ရှီတာကီမှို ၅ ပွင့် (အတုံးကြီးကြီး တုံးထားပါ)

  • ဂျင်း ၄ ပြား
  • ငရုတ်သီးအခြောက်တောင့် ၃ တောင့်
  • ကြက်သွန်မြိတ် ၂ ပင်

ဟင်းခပ်အမွှေးအကြိုင်များ

  • ပဲငံပြာရည် စားပွဲတင်ဇွန်း ၅ ဇွန်း
  • သကြားညို စားပွဲတင်ဇွန်း ၂ ဇွန်းနှင့် ပျားရည် စားပွဲတင်ဇွန်း ၃ ဇွန်း
  • ငရုတ်ကောင်းမှုန့် လက်ဖက်ရည်ဇွန်း ၄ ပုံ ၁ ပုံ
  • ခရုဆီ စားပွဲတင်ဇွန်း ၂ ဇွန်းနှင့် ဆန်ဝိုင် စားပွဲတင်ဇွန်း ၃ ဇွန်း
  • နှမ်းဆီ လက်ဖက်ရည်ဇွန်း ၂ ဇွန်းနှင့် နှမ်းစေ့ လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ကြက်သားတုံး၊ အာလူး၊ မုန်လာဥနီ၊ ကြက်သွန်နီ၊ မှို၊ ကြက်သွန်ဖြူ၊ ဂျင်းနှင့် ငရုတ်သီးတောင့်တို့ကို Slow Cooker ထဲသို့ ထည့်ထားပါ။

၂။ ပန်းကန်လုံးတစ်လုံးထဲတွင် ပဲငံပြာရည်၊ သကြားညို၊ ပျားရည်၊ ငရုတ်ကောင်းမှုန့်၊ ခရုဆီ၊ ဆန်ဝိုင်တို့ကို သမအောင် ရောမွှေပါ။ ရရှိလာတဲ့အရောအနှောကို ကြက်သားပေါ်သို့ လောင်းထည့်ကာ သမအောင် ရောမွှေပါ။

၃။ ထို့နောက် Slow Cooker အဖုံးအုပ်ကာ မီးအေးအေးဖြင့် ၆ နာရီခန့် (သို့) မီးပြင်းပြင်းဖြင့် ၄ နာရီခန့် တည်ထားလိုက်ပါ။ သတ်မှတ်ချိန်ရဲ့တစ်ဝက်ခန့်ပြည့်သောအခါ (၆ နာရီဆိုလျှင် ၃ နာရီ၊ ၄ နာရီဆိုလျှင် ၂ နာရီ) ကြက်သားတုံးများ ဟင်းသီးဟင်းရွက်များကို ဇွန်းဖြင့် အသာအယာမွှေပေးလိုက်ပါ။

၄။ မီးမပိတ်ခင် မိနစ်ပိုင်းအလိုမှာ နှမ်းဆီ၊ နှမ်းစေ့နှင့် ကြက်သွန်မြိတ်များ ထည့်ကာ သမအောင် မွှေပါ။

နောက်ဆုံးမှာတော့ အရသာရှိတဲ့ သီးစုံကြက်သားဟင်းတစ်ပွဲရရှိသွားပါပြီ။ Slow Cooker နဲ့ ချက်ထားတာဖြစ်တဲ့အတွက်ကြောင့် ကြက်သားဟင်း တည်နေချိန်မှာ အခြားလုပ်စရာရှိတဲ့ အိမ်အလုပ်များကို အေးအေးဆေးဆေး လုပ်ရုံပဲဆိုတော့ အရသာရှိတဲ့ ဟင်းအိုလည်း ကျက်၊ အိမ်အလုပ်တွေလည်း ပြီးသွားပြီပေါ့။

Source: Koreanbapsang.com