ပုဇွန်ကို ကင်သလိုမျိုး အိုးပူတိုက်ထားတော့ အရမ်းကို အနံ့မွှေးပါတယ်။ သုပ်တဲ့ထဲမှာ ငံပြာရည်နဲ့သံပုရာရေပါတော့ ပိုမွှေးသွားတာပေါ့။ တအိမ်လုံးတော့ ကြိုက်ကြတဲ့ပုဇွန်အိုးပူတိုက် အသုပ်လေးပါ။ လုပ်ရတာလဲ လွယ်ကူတယ်။ ပါဝင်သောပစ္စည်းတွေလဲ အလွယ်တကူရလို့ လုပ်စားကြည့်နော်။
ပါဝင်သောပစ္စည်းများ
- ခေါင်းမပါသော ပုဇွန် – ၁ ပေါင် (သို့) ၂၅ ကျပ်သား
- ဆား – အနည်းငယ်
- ငရုတ်ကောင်း – အနည်းငယ်
- ငံပြာရည် – ၂ ဇွန်း (လက်ဖက်ရည်ဇွန်း)
- သံပုရာသီး – ၁ လုံး
- သကြား – တစ်ဝက် (လက်ဖက်ရည်ဇွန်း)
- နံနံပင် – အနည်းငယ် (ပါးပါးလှီးထားပါ)
- ကြက်သွန်မြိတ် – အနည်းငယ် (ပါးပါးလှီးထားပါ)
- မြေပဲထောင်း – ၁ ဇွန်း (ထမင်းစားဇွန်း)
ပြင်ဆင်ပြုလုပ်နည်း
- ပုဇွန်ကို အခွံနွှာ ကျောရိုးကို ခွဲပြီး သန့်စင်ထားပါ။ ပြီးရင် ရေခြောက်အောင်ထားပါ။ ထို့နောက် ဆားအနည်းငယ် နှင့် ငရုတ်ကောင်း တို့ဖြင့် နယ်ပါ။ (ဆား နည်းနည်းပဲ ထည့်ရပါတယ်။ သုပ်မည့်ထဲမှာ ငံပြာရည်ပါမှာမို့ပါ။)
- ထို့နောက် မကပ်သော အိုးထဲမှာ ဆီထမင်းစားဇွန်း တဇွန်း ထည့်ပြီး ဆီပူလာလျှင် ပုဇွန်ကို ထည့်ပြီး အိုးပူတိုက်ပါ။ ၃ မိနစ် – ၅ မိနစ်လောက် ထည့်လှိမ့်ပါ။ (ရေမထည့်ရပါ။ ရေထည့်ရင် အနံ့မွှေးမလာပါ ။)
- ပန်းကန်တခုထဲတွင် ငံပြာရည် ၊ သကြား ၊ သံပုရာသီး ၁လုံးမှ သံပုရာရည်တို့ကို ထည့်၍ သကြားအရည်ပျော်သည်အထိ ခလောက်ပါ။
- စားခါနီးမှ ပုဇွန်ကို ဖျော်ထားသော အချဉ်ရည်ထဲထည့် ၊ နံနံပင် ၊ ကြက်သွန်မြိတ်နှင့် မြေပဲထောင်းတို့ကို ထည့်၍ အသာနယ်ပါ။
- အနံ့မွှေးမွှေး ၊ ချဉ်ချဉ် စိမ့်စိမ့်နဲ့အရမ်းစားလို့ကောင်းတဲ့ ပုဇွန်အိုးပူတိုက်အသုပ်ကို သုံးဆောင်နိုင်ပါပြီ။
Credit: ဟင်းချက်နည်းများ