ချိုချဉ်ကြော်ဆိုရင် ကြက်၊ ဝက်နဲ့ပဲ စားရတာရိုးနေပြီဆိုတော့ ဒီတစ်ခါမှာ အပြောင်းအလဲလေးဖြစ်သွားအောင် ပုစွန်နဲ့ကြော်ပါမယ်။ ဒါကြောင့် အရသာရှိတဲ့ ပုစွန်ချိုချဉ်ကြော် ပြုလုပ်နည်းကို မျှဝေပေးလိုက်ပါတယ်။

ပုစွန်က အကောင်ကြီးလေကောင်းလေပါပဲ။ ပုစွန် – ၆၀၀ ဂရမ်ကို အခွံတွေခွာပြီး ပန်းကန်ထဲထည့်ပါ။

ဆား – အနည်းငယ်၊ ငရုပ်ကောင်းမှုန့် – အနည်းငယ်ထည့်နယ်ပြီး ကြက်ဥတစ်လုံးကို အကာပဲထည့်ပါ။ အနှစ်တွေဖယ်ထုတ်ပါမယ်။ ပြီးရင် သေချာနှံ့အောင်နယ်ပေးပါ။

ပြောင်းဂျုံ – စားပွဲတင်ဇွန်း ၃ ဇွန်းထည့်ပြီး သမအောင်နယ်ပေးပါ။ ပြီးရင် ၂ မိနစ်လောက် နှပ်ထားပါ။

ပြောင်းဂျုံကို ပန်းကန်ပြားထဲလည်း ထည့်ထားပါ။ ပြီးရင် နယ်ထားတဲ့ပုစွန်တွေကို တစ်ကောင်ချင်းယူပြီး အဲ့ဒီပြောင်းဂျုံနဲ့ထပ်နယ်ပါ။

ပန်းငရုပ်ပွ – တစ်လုံးကို အထဲကအစေ့တွေဖယ်ထုတ်ပြီး လှီးပါ။ ကြက်သွန်နီအကြီးကိုလည်း တစ်ဝက်လောက်လှီးပေးပါ။ ပြီးရင်တော့ နှစ်မျိုးလုံးကို ဆီအိုးထဲထည့်ပြီး ၁၀ စက္ကန့်လောက်မွှေပေးပြီး ဆယ်ထုတ်ပါ။

ခုနကနယ်ထားတဲ့ပုစွန်တွေကို ဆီအိုးထဲထည့်ကြော်ပါမယ်။ ပုစွန်ရပြီဆိုရင် ဆီစစ်ပြီး ပန်းကန်ထဲထည့်ထားပါ။

ဒယ်အိုးအလွတ်ကို မီးဖိုပေါ်တင်ပြီး Tomato Ketchup Sauce – စားပွဲတင်ဇွန်း ၄ ဇွန်း၊ Sweet Chilli Sauce – စားပွဲတင်ဇွန်း ၂ ဇွန်း ထည့်မွှေပါ။

နည်းနည်းပွက်လာရင် ရေ – ၁၂၅ မီလီလီတာ ထည့်ပြီး ထပ်မွှေပါ။ သကြား – စားပွဲတင်ဇွန်း ၂ ဇွန်းနဲ့ ဆား – အနည်းငယ် ထည့်မွှေပါ။ ပွက်လာရင် ရှာလကာရည် – စားပွဲတင်ဇွန်း ၁ ဇွန်း ထည့်မွှေပါ။

ကြော်ထားတဲ့ ပန်းငရုပ်ပွနဲ့ ကြက်သွန်နီကိုထည့်ပါမယ်။ သခွားသီးထည့်ချင်ရင် သခွားသီးလည်း အတုံးကြီးကြီး လှီးထည့်လို့ရပါတယ်။ နောက်ဆုံးမှာတော့ ကြော်ထားတဲ့ပုစွန်တွေ ထည့်ကာ သမအောင်မွှေပေးပါ။

ရပြီဆိုရင် ပန်းကန်ထဲထည့်ပြီး အပေါ်ကနေ ကြက်သွန်မြိတ်လေးတွေဖြူးပြီး စားသုံးနိုင်ပါပြီ။

ဒါဆိုရင်တော့ အရသာရှိတဲ့ ပုစွန်ချိုချဉ်ကြော်ကို ရရှိသွားပြီပဲဖြစ်ပါတယ်။