အားလုံးပဲ မင်္ဂလာပါ။ အသင့်စား ခေါက်ဆွဲပြုတ်တွေဆိုတာ အမြဲတမ်းစားသုံးမယ်ဆိုရင် ကျန်းမာရေးအတွက် ဆိုးကျိုးတွေဖြစ်စေနိုင်ပါတယ်။

ဒါ့ကြောင့် ကျန်းမာရေးနဲ့ ညီညွှတ်ပြီး အာဟာရပြည့်ဝစေတဲ့ အမဲစွပ် ခေါက်ဆွဲပြုတ်အစပ်ကို မိမိအိမ်မှာ ကိုယ်တိုင်ကိုယ်ကျ လုပ်စားကြည့်လိုက်ရအောင်။

ပါဝင်ပစ္စည်းများ

  • အမဲသား ၆၀၀ ဂရမ် (အနေတော် အတုံးတုံးထားပါ)
  • ဟင်းချက်ဆီ စားပွဲတင်ဇွန်း နှစ်ဇွန်း
  • ကြက်သွန်ဖြူ ၄ မြွှာ (နုပ်နုပ်စဉ်းထားပါ)
  • ငရုတ်နှစ် စားပွဲတင်ဇွန်း ၃ ဇွန်း
  • ရေနွေး ၁၅၀၀ မီလီလီတာ

Source: Thehivebulkfoods.com

  • ခေါက်ဆွဲခြောက် ၄ ထုပ်ခန့်
  • ဟင်းနုနွယ် (သို့မဟုတ်) မုန်ညှင်းရွက် မိမိနှစ်သက်ရာ အသီးအရွက်တစ်မျိုးမျိုး
  • လက်မအရွယ်အစားရှိ ဂျင်းတုံးတစ်တုံး
  • ကြက်သွန်မြိတ် ၂ ပင် (ပါးပါးလှီးထားပါ)
  • သစ်ကြမ်းပိုးခေါက် ၁ ချောင်း

ပြုလုပ်နည်းအဆင့်ဆင့်

၁။ အမဲသားများကို အနေတော်တုံးထားပြီးနောက် ပွက်ပွက်ဆူနေသော ရေနွေးထဲထည့်ထားလိုက်ပါ။ ထိုနည်းဖြင့် အမဲသားကို သန့်စင်အောင် ဆေးကြောပေးနိုင်ပါတယ်။ မိနစ်အနည်းငယ်လောက်ကြာမှ ရေနွေးများကို သွန်ပစ်လိုက်ပါ။

၂။ အခြားအိုးတစ်လုံးကို အပူပေးပြီး ဆီထည့်ကာ ဆီကျက်လာပါက ကြက်သွန်ဖြူ၊ ငရုတ်နှစ်တို့ထည့်ပြီး မွှေးပျံ့လာသည်အထိ ဆီသတ်ပေးလိုက်ပါ။ ထို့နောက် ရေနွေး ၁၅၀၀ မီလီလီတာတို့ကို အိုးထဲထည့်လိုက်ပြီး အဖုံးအုပ်ထားကာ ၅ မိနစ်ခန့် ပွက်ပွက်ဆူလာအောင် စောင့်လိုက်ပါ။

၃။ ထို့နောက် ရေစစ်အသုံးပြုပြီး စောစောကတည်ထားသော ရေနွေးများကို အမဲသားအိုးထဲ လောင်းထည့်လိုက်ပါ။ ဂျင်း၊ ကြက်သွန်မြိတ်၊ ဆားနှင့် ငရုတ်ကောင်းမှုန့်တို့ထည့်ပြီး တစ်နာရီ၊ တစ်နာရီခွဲခန့် တည်ရပါမယ်။ အချိန်ပြည့်သွားတဲ့အခါမှာတော့ ဂျင်းတုံးနှင့် ကြက်သွန်မြိတ်များကို ဖယ်ရှားလိုက်ပါ။

၄။ အခြားသန့်စင်သော အိုးတစ်လုံးထဲတွင် ခေါက်ဆွဲများထည့်ပြီး ရေများများထည့်ကာ ပြုတ်လိုက်ပါ။ ခေါက်ဆွဲများ ပြုတ်ပြီးပါက ထိုအိုးထဲတွင်ပင် ဟင်းနုနွယ် (သို့) မုန်ညှင်းတို့ထည့်ပြီး စက္ကန့်အနည်းငယ်ကြာအောင် ပြုတ်လိုက်ပါ။ ဟင်းရွက်များပြုတ်ပြီးပါက ရေအေးဖြင့် အနည်းငယ်ဆေးကြောပေးလိုက်ပါ။

၅။ ထို့နောက် မိမိစားသုံးမယ့် ပန်းကန်လုံးထဲတွင် ခေါက်ဆွဲနှင့် ဟင်းရွက်တို့ကို အစီအရီထည့်ထားလိုက်ပါ။ အမဲပြုတ်ရည်များကို ပန်းကန်လုံးထဲ လောင်းထည့်လိုက်ပြီးနောက် အမဲသားများကို ခေါက်ဆွဲအပေါ်မှာ အစီအရီတင်ထားလိုက်ပါ။

တရုတ်နံနံ အနည်းငယ်ထည့်ကာ အရသာရှိရှိသုံးဆောင်နိုင်ပါပြီ။

Source: Redhousespice.com