အားလုံးပဲ မင်္ဂလာပါ။ ချဉ်ရည်ဟင်းစပ်စပ်လေး သောက်ရတာကို ကြိုက်နှစ်သက်သူများအတွက် ဒီတစ်ခါမှာတော့ ကန်စွန်းရွက် ငါးချဉ်ရည်ဟင်းစပ်စပ်လေး ပြုလုပ်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

• ပင်လယ်ငါး ၁ ပေါင်ခန့်
• ပဲပြား ၆ အောင်စ
• ကြက်သွန်မြိတ် တစ်ပင်
• ကန်စွန်းရွက် ၁ အောင်စ
• ရေ ၇၀၀ မီလီလီတာ

• ငရုတ်သီးမှုန့် စားပွဲတင်ဇွန်း တစ်ဇွန်းနှင့် ငရုတ်သီးအနှစ် လက်ဖက်ရည်ဇွန်း တစ်ဇွန်း
• ငါးငံပြာရည် စားပွဲတင်ဇွန်း တစ်ဇွန်း
• ကြက်သွန်ဖြူ စားပွဲတင်ဇွန်း တစ်ဇွန်း
• ဂျင်း လက်ဖက်ရည်ဇွန်း တစ်ဇွန်း
• ဆားနှင့် ငရုတ်ကောင်းမှုန့်အနည်းငယ်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ငါးကို ရေစင်စင် ဆေးပြီးနောက် အနေတော်အတုံးများ တုံးထားလိုက်ပါ။ ကန်စွန်းရွက်ကို အနေတော်အရွယ်အစား ချွေထားလိုက်ပါ။ ပဲပြားကို အနေတော် အတုံးတုံးထားလိုက်ပါ။

၂။ ပန်းကန်လုံးအသေးတစ်လုံးထဲမှာ ငရုတ်သီးမှုန့်၊ ငရုတ်သီးအနှစ်၊ ငါးငံပြာရည်၊ ကြက်သွန်ဖြူနှင့် ကြက်သွန်မြိတ်တို့ကို သမအောင် ရောမွှေထားလိုက်ပါ။

၃။ အိုးတစ်လုံးထဲမှာ ရေထည့်ပြီးနောက် စောစောက ရောမွှေထားသော ငရုတ်သီးအနှစ်များကို ထည့်ကာ ဆူပွက်လာအောင် တည်ထားလိုက်ပါ။ ဟင်းရည်က ပွက်ပွက်ဆူလာပါက ငါးနှင့် ပဲပြားတို့ ထည့်လိုက်ပါ။ တစ်ဖန် ဆူပွက်လာတဲ့အခါ မီးအပူချိန်ကို လျော့လိုက်ပြီးနောက် ငါးများ နူးအိလာသည်အထိ ငါးမိနစ်ခန့် တည်ထားလိုက်ပါ။

၄။ ဆားနှင့် ငရုတ်ကောင်းမှုန့်တို့ ထည့်ပြီး အရသာအပေါ့အငန် မြည်းကြည့်လိုက်ပါ။ မီးဖိုပေါ်က ချခါနီးကျမှ ကန်စွန်းရွက်နှင့် ကြက်သွန်မြိတ်တို့ကို ထည့်လိုက်ပါ။

ဒါဆိုရင်တော့ အရသာရှိတဲ့ ကန်စွန်းရွက် ငါးချဉ်ရည်ဟင်း ပူပူစပ်စပ်လေးကို ထမင်းနဲ့ အရသာရှိရှိ စားသုံးနိုင်ပါပြီ။

Source: Koreanbapsang.com