အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာတော့ အာလူး ဝက်သားဟင်း ကြိုက်နှစ်သက်သူများအတွက် ဆွေမျိုးမေ့သွားစေမယ့် အာလူး ဝက်သားစပ်စပ်လေးကို စားကောင်းအောင် ဘယ်လိုချက်ပြုတ်ရမလဲဆိုတာ ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ဝက်သား ၂ ပေါင် (နံရိုး သို့မဟုတ် မိုးခိုသား) အနေတော်အတုံး တုံးထားပါ
  • အာလူး အလုံးသေး ၈ လုံး (အခွံခွာပြီး ထက်ဝက်ခြမ်းထားပါ)
  • ဆီ စားပွဲတင်ဇွန်း ၄ ဇွန်း
  • ဆားအနည်းငယ်
  • ငရုတ်သီး အခြောက်တောင့် ၁၅ တောင့်

  • ကြက်သွန်ဖြူ ၁၀ မြွှာ
  • ကြက်သွန်နီ အသေး ၁ ဥ
  • သစ်ကြမ်းပိုးခေါက်အချောင်း ၂ လက်မအရှည်ခန့်
  • ဇီရာစေ့ လက်ဖက်ရည်ဇွန်း ၂ ဇွန်း
  • နနွင်းမှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက်

  • သကြား စားပွဲတင်ဇွန်း ၃ ဇွန်း
  • ငရုတ်ကောင်းမှုန့် လက်ဖက်ရည်ဇွန်း ၂ ဇွန်း
  • ရှာလကာရည် စားပွဲတင်ဇွန်း ၈ ဇွန်း

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ငရုတ်သီးတောင့်များကို ရေနွေးပူထဲတွင် ၅ မိနစ်၊ ၁၀ မိနစ်ခန့် စိမ်ထားပါ။ ထို့နောက် ငရုတ်သီးများကို ထက်ခြမ်းခြမ်းပြီး အထဲကအစေ့များကို ဖယ်ရှားလိုက်ပါ။ ငရုတ်သီး စိမ်ထားသောရေကို ပြန်လည်အသုံးပြုရန်အတွက် ထားထားပါ။

၂။ ထို့နောက် အစေ့ဖယ်ထားသော ငရုတ်သီးများကို ကြိတ်စက်ထဲထည့်ပါ။ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ သစ်ကြမ်းပိုးခေါက်၊ ဇီရာစေ့၊ နနွင်းမှုန့်။ သကြား၊ ငရုတ်ကောင်းမှုန့်နှင့် ရှာလကာရည်တို့ပါ ပေါင်းထည့်ပြီး အနှစ်များဖြစ်သွားအောင် ကြိတ်လိုက်ပါ။

၃။ ဒယ်အိုးကို အပူပေးပြီး ဆီ စားပွဲတင်ဇွန်း ၄ ဇွန်းထည့်ပါ။ ဆီပူလာပါက စောစောက ငရုတ်နှစ်များထည့်ကာ ၁၀ မိနစ်ခန့် ဆီသတ်ပါ။ ၁၀ မိနစ်ပြည့်ပါက ပန်းကန်လုံးထဲသို့ ခပ်ထည့်ထားပါ။

၄။ ထို့နောက် ထိုဒယ်အိုးထဲသို့ ဝက်သားများထည့်ကာ ၃ မိနစ်ခန့် မွှေပါ။ ထို့နောက် စောစောက ငရုတ်နှစ်များ ထည့်ပြီး မိနစ်အနည်းငယ်ကြာ လုံးပါ။ တစ်ဖန် ငရုတ်သီး စိမ်ထားသော ရေများ လောင်းထည့်လိုက်ပါ။ အဖုံးအုပ်ထားပြီး အလယ်အလတ်မီးအပူချိန်ဖြင့် ၁ နာရီခန့် တည်ထားလိုက်ပါ။ (ရေလိုအပ်ပါက ထပ်ထည့်နိုင်ပါတယ်)

ဝက်သား မကျက်ခင် မိနစ် ၂၀ အလိုခန့်မှာ အာလူးများ ထည့်ပါ။ သတ်မှတ်ချိန်ပြည့်လို့ အာလူးရော ဝက်သားပါ နူးအိသွားပြီဆိုရင်တော့ အရသာရှိတဲ့ အာလူး ဝက်သားဟင်း စပ်စပ်လေး ရရှိသွားပါပြီ။

Source: Picturetherecipe.com