အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာတော့ ပူပူစပ်စပ်လေးနဲ့ အရသာရှိတဲ့ ဝက်နံရိုးစွပ်ပြုတ်ဟင်းရည် ပြင်ဆင်ချက်ပြုတ်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ဝက်နံရိုး ၂ ပေါင်
  • ဂျင်း ၅ ပြား၊ ကြက်သွန်နီ တစ်ခြမ်းနှင့် ကြက်သွန်ဖြူ ၅ မြွှာ
  • ကြက်သွန်မြိတ် ၃ ပင် ( ၁ ပင်ကို အဖြူရောင်အစိတ်အပိုင်းသာ လှီးဖြတ်ထားပြီး ကျန် ၂ ပင်ကိုတော့ အားလုံး ပါးပါးလှီးထားပါ)
  • မုန်ညှင်းရွက် ၆ အောင်စ
  • အာလူး ၃ လုံး (ပြုတ်ပြီး အခွံခွာထားပါ၊ အနေတော်အတုံး တုံးထားပါ)

  • ငရုတ်သီးမှုန့် စားပွဲတင်ဇွန်း ၁ ဇွန်းနှင့် ငရုတ်သီးအနှစ် စားပွဲတင်ဇွန်း ၁ ဇွန်း
  • ပဲပိစပ် လက်ဖက်ရည်ဇွန်း ၂ ဇွန်းနှင့် ပဲငံပြာရည် စားပွဲတင်ဇွန်း ၁ ဇွန်း
  • နုပ်နုပ်စဉ်းထားသော ကြက်သွန်ဖြူ စားပွဲတင်ဇွန်း ၁ ဇွန်း
  • ဆားနှင့် ငရုတ်ကောင်းမှုန့် အနည်းငယ်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ဝက်နံရိုးများကို အနေတော်အတုံး တုံးထားပြီးနောက် ရေခဲရေထဲတွင် တစ်နာရီခန့် စိမ်ထားလိုက်ပါ။ (မိနစ် ၃၀ ကြာသောအခါ ရေခဲရေကို တစ်ကြိမ်လဲပေးဖို့ လိုအပ်ပါတယ်။)

၂။ သတ်မှတ်ထားသော အချိန်ပြည့်ပါက ဝက်နံရိုးများကို အိုးတစ်လုံးထဲထည့်ကာ ရေအပြည့်ထည့်ပြီး ပွက်ပွက်ဆူလာအောင် တည်ထားလိုက်ပါ။

၃။ ပွက်ပွက်ဆူလာပါက ဝက်နံရိုးများကို ရေဖြင့် ထပ်မံဆေးကြောပေးလိုက်ပါ။ ထိုဒန်အိုးကို သန့်စင်ပြီးတဲ့နောက်မှာ ရေ ၈ ခွက်ခန့် ပြန်ထည့်ပါ။ ဝက်နံရိုး၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ဂျင်းနှင့် ကြက်သွန်မြိတ် (ဖြူသောအစိတ်အပိုင်း) တို့ထည့်ကာ အဖုံးဖွင့်လျက်သားဖြင့် ၁၀ မိနစ်ခန့် ပြုတ်ပေးလိုက်ပါ။

အချိန်ပြည့်သွားပါက မီးအပူချိန်ကို လျော့လိုက်ကာ အိုးအဖုံးဖုံးပြီး မိနစ် ၅၀၊ တစ်နာရီခန့် ပြုတ်ပေးလိုက်ပါ။

၄။ ပန်းကန်လုံးတစ်လုံးထဲတွင် ငရုတ်သီးအနှစ်၊ ငရုတ်သီးမှုန့်၊ ပဲပိစပ်၊ ပဲငံပြာရည်၊ နုပ်နုပ်စဉ်းထားသော ကြက်သွန်ဖြူ၊ ဆားနှင့် ငရုတ်ကောင်းမှုန့်တို့ထည့်ကာ သမအောင် မွှေပေးလိုက်ပါ။

၅။ ဝက်နံရိုးပြုတ်နေချိန်မှာ မုန်ညှင်းရွက်ကို ရေနွေးပူထဲတွင် ၄ မိနစ်ခန့် ပြုတ်ပေးလိုက်ပါ။ ထို့နောက် ဟင်းရွက်များကို ဆယ်ယူကာ အရည်စင်အောင် ညှစ်ပေးလိုက်ပါ။ ထို့နောက် စောစောကနယ်ထားသော ငရုတ်နှစ်များဖြင့် သမအောင် နယ်ပေးလိုက်ပါ။

၆။ ဝက်နံရိုးများ နူးအိသွားပါက ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ဂျင်းနှင့် ကြက်သွန်မြိတ်တို့ကို ဆယ်ယူလိုက်ပါ။ ထို့နောက် မုန်ညှင်းရွက်၊ အာလူးတို့ကို အိုးထဲထည့်ကာ ၁၀ မိနစ်ခန့် ထည့်ပြုတ်ပေးလိုက်ပါ။

အရသာအပေါ့အငန်မြည်းပြီးတဲ့နောက်မှာတော့ ပူပူစပ်စပ်လေးနဲ့ အရသာရှိတဲ့ ဝက်နံရိုးစွပ်ပြုတ်စပ်စပ်လေး ရရှိသွားပါပြီ။ ထမင်းနဲ့အတူတူ အရသာရှိရှိသုံးဆောင်လိုက်ပါ။

Source: Koreanbapsang.com