အားလုံးပဲ မင်္ဂလာပါ။ မင်္ဂလာရှိတဲ့ မနက်ခင်းလေးမှာ ထမင်းကြော်နဲ့ ဗိုက်ဖြည့်လေ့ရှိသူများအတွက် ဒီတစ်ခါမှာတော့ အမဲသား ထမင်းကြော် ကြော်နည်းလေးကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ထမင်း ပန်းကန်လုံး ၃ လုံးစာ
  • အမဲသား ၁ ပေါင်ခွဲ (အနေတော် အတုံး တုံးထားပါ)
  • ဟင်းသီးဟင်းရွက်များ ပန်းကန်လုံး ၁ လုံးစာ (ပဲလုံးစိမ်း၊ မုန်လာဥနီ၊ ပြောင်းဖူး စသည်)
  • ကြက်ဥ ၁ လုံး
  • ခရုဆီ စားပွဲတင်ဇွန်း ၂ ဇွန်း

  • ပဲငံပြာရည် စားပွဲတင်ဇွန်း ၂ ဇွန်း
  • နှမ်းဆီ လက်ဖက်ရည်ဇွန်း ၂ ဇွန်း
  • ငရုတ်ကောင်းမှုန့် လက်ဖက်ရည်ဇွန်းတစ်ဝက်
  • ဟင်းသီးဟင်းရွက်ဆီ အနည်းငယ်
  • ကြက်သွန်မြိတ် အနည်းငယ်

  • ပါးပါးလှီးထားေးသာ ကြက်သွန်ဖြူ စားပွဲတင်ဇွန်း ၁ ဇွန်း
  • ပါးပါးလှီးထားသော ကြက်သွန်နီ စားပွဲတင်ဇွန်း ၃ ဇွန်းစာ

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ပန်းကန်လုံးအသေးတစ်လုံးထဲတွင် ခရုဆီ၊ ပဲငံပြာရည်၊ နှမ်းဆီနှင့် ငရုတ်ကောင်းမှုန့်တို့ကို သမအောင် ရောမွှေထားပါ။

၂။ အမဲသားကို တစ်လက်မပတ်လည် အတုံး တုံးထားပါ။ အမဲသားများကို စောစောက ခရုဆီအရောအနှော တစ်ဝက်ဖြင့် သမအောင် ရောနယ်ပါ။ ထို့နောက် မိနစ် ၃၀ ခန့် နှပ်ထားပါ။

၃။ ဒယ်အိုးကို အပူပေးပြီး ဟင်းသီးဟင်းရွက်ဆီ ထည့်ပါ။ ဆီပူလာပါက အမဲသားများထည့်ကာ ၂ မိနစ်မှ ၄ မိနစ်ခန့် ကြော်ပါ။ ပြီးရင်တော့ ပန်းကန်ပြားထဲ ပြောင်းထည့်ထားပါ။

၄။ ဒယ်အိုးထဲသို့ ဟင်းသီးဟင်းရွက်ဆီ ထပ်ထည့်ပါ။ ဆီပူလာပါက ကြက်သွန်ဖြူ၊ ကြက်သွန်နီထည့်ပြီး တစ်မိနစ်ခန့် ဆီသတ်ပါ။ ထို့နောက် ထမင်းထည့်ကာ ၂ မိနစ်ခန့် မွှေကြော်ပါ။ ပြီးရင်တော့ ဟင်းသီးဟင်းရွက်များထည့်ကာ နောက်ထပ် ၁ မိနစ်ခန့် သမအောင် ကြော်လိုက်ပါ။ ထို့နောက် ကျန်ရှိနေသော ခရုဆီအရောအနှောများ လောင်းထည့်ကာ ၁ မိနစ်ခန့် မွှေကြော်ပါ။

၅။ ထမင်းများကို ဒယ်အိုးတစ်ဖက်သို့ တွန်းပို့ထားပြီးနောက် နေရာလပ်နေသော ဒယ်အိုးထဲသို့ ကြက်ဥ ၁ လုံးဖောက်ထည့်ပါ။ ကြက်ဥအနှစ်ကို မွှေပြီးနောက်မှာတော့ ထမင်းနဲ့ သမအောင် ရောကြောလိုက်ပါ။

အရသာအပေါ့အငန်မြည်းကြည့်ပြီးနောက်မှာ လိုအပ်ပါက ဆားအနည်းငယ် ထပ်ထည့်နိုင်ပါတယ်။

ဒါဆိုရင်တော့ အရသာရှိတဲ့ အမဲသား ထမင်းကြော်လေး ရရှိသွားပါပြီ။

Source: Joyousapron.com