ဝက်သားပေါက်စီ၊ ကြက်သားပေါက်စီချည်းပဲ စားရတာ ရိုးအီနေသူများအတွက် ဒီတစ်ခါမှာတော့ အပြောင်းအလဲလေးလည်းဖြစ်သွားအောင် အသား မစားတဲ့ သပ်သတ်လွတ်သမားများလည်း စားသုံးနိုင်အောင်လို့ ဟင်းသီးဟင်းရွက် ပေါက်စီပြုလုပ်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • မုန်ညင်းရွက် ၄၅၀ ဂရမ်
  • မှို ၈ ပွင့်
  • ဟင်းရွက်ဆီ စားပွဲတင်ဇွန်း ၃ ဇွန်း
  • ပဲပြားအခြောက် ၁၁၅ ဂရမ်
  • ပဲငံပြာရည်အကြည် စားပွဲတင်ဇွန်း ၁ ဇွန်း

  • သကြား လက်ဖက်ရည်ဇွန်းတစ်ဝက်
  • နှမ်းဆီ လက်ဖက်ရည်ဇွန်းတစ်ဝက်
  • ငရုတ်ကောင်းမှုန့် အနည်းငယ်
  • ဆား အနည်းငယ်

ဂျုံလုံး ပြုလုပ်ရန် လိုအပ်သော ပါဝင်ပစ္စည်းများ

  • ရေနွေးနွေး စားပွဲတင်ဇွန်း ၁၂ ဇွန်း
  • တဆေး လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • သကြား စားပွဲတင်ဇွန်း ၁ ဇွန်း
  • ဟင်းရွက်ဆီ စားပွဲတင်ဇွန်း ၁ ဇွန်း
  • ဂျုံမှုန့် ၃၀၀ ဂရမ်

  • ပြောင်းမှုန့် စားပွဲတင်ဇွန်း ၂ ဇွန်း
  • ဆား လက်ဖက်ရည်ဇွန်း ၄ ပုံ ၁ ပုံ
  • မုန့်ဖုတ်ဆိုဒါ လက်ဖက်ရည်ဇွန်း ၈ ပုံ ၁ ပုံ

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ဒယ်အိုးတစ်လုံးတွင် ရေထည့်ပါ ရေနွေးတည်ပါ။ ဆူပွက်လာပါက မုန်ညှင်းရွက်များ ထည့်ပြီး ၁၀ စက္ကန့်ခန့် ပြုတ်ပါ။ ပြုတ်ပြီးတာနဲ့ ချက်ချက်ပဲ ရေခဲရေထဲ စိမ်ထားလိုက်ပါ။

၂။ ဟင်းရွက်များ အေးသွားပါက အရွက်များကို ဆယ်ယူပြီး အရည် ကုန်စင်အောင် ညှစ်လိုက်ပါ။ ထို့နောက် ကြိတ်စက်ထဲထည့်ကာ သမအောင် ကြိတ်ချေပေးရပါမယ်။ ထို့နောက် ပန်းကန်လုံးအကြီး ထဲ ထည့်ထားပါ။

၃။ မှိုများကို နုပ်နုပ်စဉ်းထားပါ။ (သို့) ကြိတ်စက်ထဲ ထည့်ပြီး ကြိတ်နိုင်ပါတယ်။

၄။ ထို့နောက် ဒယ်အိုးကို အပူပေးပြီး ဆီ စားပွဲတင်ဇွန်း ၂ ဇွန်းထည့်ပါ။ ဆီပူလာပါက နုပ်နုပ်စဉ်းပြီးသား မှိုများ ထည့်ကာ အနံ့မွှေးလာသည်အထိ ၃ မိနစ်၊ ၄ မိနစ်ခန့် ကြော်ပေးလိုက်ပါ။ ကြော်ပြီးပါက ဟင်းရွက် ပန်းကန်ထဲ ထည့်ထားပါ။

၅။ ပဲပြားအခြောက်ကိုလည်း ပါးပါးလှီးပြီးနောက် ဟင်းရွက်ပန်းကန်ထဲ ပေါင်းထည့်ကာ သမအောင် ရောနယ်လိုက်ပါ။

၆။ ထို့နောက် ဆီ စားပွဲတင်ဇွန်း ၁ ဇွန်း၊ ပဲငံပြာရည်အကြည်၊ သကြား၊ နှမ်းဆီ၊ ငရုတ်ကောင်းမှုန့်နှင့် ဆားအနည်းငယ်တို့ထည့်ကာ သမအောင် ထပ်နယ်ပါ။ ပြီးရင်တော့ ရေခဲသေတ္တာထဲ ထည့်ထားလိုက်ပါ။ ဒါမှ ဟင်းရွက်က စိမ်းနေမှာဖြစ်ပါတယ်။

၇။ နောက်တစ်ဆင့်အနေနဲ့ ဂျုံလုံး နယ်ရပါမယ်။ ပန်းကန်လုံးအကြီးတစ်လုံးထဲတွင် ရေနွေးနွေး၊ တဆေးနှင့် သကြားတို့ကို သမအောင် နယ်ပါ။ ၁၅ မိနစ်ခန့် နှပ်ထားပြီးနောက် ဆီ စားပွဲတင်ဇွန်း ၁ ဇွန်းထည့်ကာ ထပ်နယ်ပါ။ ထို့နောက် ခဏဖယ်ထားလိုက်ပါ။

၈။ ထိုအချိန်တွင် ဂျုံမှုန့်၊ ပြောင်းမှုန့်၊ ဆားနှင့် မုန့်ဖုတ်ဆိုဒါတို့ကို သမအောင် နယ်ထားလိုက်ပါ။ ပြီးရင်တော့ စောစောက တဆေးမုန့်နှစ်များ ရောနောကာ ဂျုံလုံးကြီးဖြစ်အောင် လုံးလိုက်ပါ။ ထို့နောက် ဆီ လက်ဖက်ရည်ဇွန်း ၁ ဇွန်း သုတ်လိမ်းပြီးနောက် ပလပ်စတစ်ဖြင့် အုပ်ထားကာ တစ်နာရီခန့် သိပ်ထားလိုက်ပါ။

၉။ သတ်မှတ်ချိန်ပြည့်ပါက ဂျုံလုံးအကြီးထဲမှ အနည်းငယ်ကို ဖဲ့ယူကာ ဒလှိမ့်တုံးဖြင့် ပြားနေအောင် လှိမ့်လိုက်ပါ။

၁၀။ ဂျုံမှုန့် အလယ်တည့်တည့်တွင် ဟင်းရွက် အစာသွပ် စားပွဲတင်ဇွန်း ၂ ဇွန်းခန့် ထည့်ကာ ဂျုံပြားကို အပေါ်သို့ စုပိတ်လိုက်ပါ။ ထို့နောက် ပေါင်းအိုးထဲထည့်ကာ မိနစ် ၂၀ ခန့် ထည့်ပေါင်းလိုက်ပါ။

ဒါဆိုရင်တော့ သပ်သတ်လွတ်သမားများရော လူငယ် လူကြီးပါမကျန် အရွယ်သုံးပါးမရွေး စားသုံးနိုင်တဲ့ ဟင်းသီးဟင်းရွက် ပေါက်စီလေး ရရှိသွားပါပြီ။

Source: Thewoksoflife.com