အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာတော့ အမဲသား ဟင်းရွက်စုံ ပဲကြာဇံသုပ် ပြုလုပ်နည်းလေးကို ဝေမျှပေးချင်ပါတယ်။ ပြုလုပ်ပုံ အဆင့်တွေက အတန်ငယ်များတယ်ဆိုပေမယ့် မခက်ခဲလှတာကြောင့် မိမိအိမ်မှာပဲ အလွယ်တကူပြုလုပ်နိုင်တဲ့ ပဲကြာဇံသုပ် ဟင်းပွဲပဲ့ ဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ

• ပဲကြာဇံ ၁၇၀ ဂရမ်
• မုန်လာဥနီ ၁ လုံး
• ကြက်သွန်နီ ၁ ဥနှင့် ကြက်သွန်မြိတ် ၂ ပင်
• မှို ၄ ပွင့်
• ဟင်းနုနွယ် ၁၇၀ ဂရမ်

• အမဲသား ၁၁၀ ဂရမ်
• ဆီ၊ ဆားနှင့် ငရုတ်ကောင်းမှုန့်
• ပဲငံပြာရည် စားပွဲတင်ဇွန်း ၃ ဇွန်း၊ သကြား စားပွဲတင်ဇွန်း ၂ ဇွန်းခွဲ၊ ပါးပါးလှီးထားသော ကြက်သွန်ဖြူ လက်ဖက်ရည်ဇွန်း ၂ ဇွန်း
• နှမ်းဆီ စားပွဲတင်ဇွန်း ၂ ဇွန်းနှင့် နှမ်းစေ့ လက်ဖက်ရည်ဇွန်း ၂ ဇွန်း

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ပန်းကန်လုံးတစ်လုံးထဲတွင် ပဲငံပြာရည်၊ သကြား၊ နှမ်းဆီ၊ ကြက်သွန်ဖြူ၊ နှမ်းစေ့တို့ထည့်ပြီး သကြားများ ပျော်ဝင်သွားသည်အထိ သမအောင် မွှေပေးလိုက်ပါ။

၂။ ကြက်သွန်နီကို ပါးပါးလှီးပြီး မုန်လာဥနီနှင့် ကြက်သွန်မြိတ်ကို အချောင်းလိုက် လှီးဖြတ်ထားပါ။

၃။ အမဲသားကို ပါးပါးလှီးပြီး စောစောကမွှေထားသော ပဲငံပြာရည်ဆော့စ် စားပွဲတင်ဇွန်းတစ်ဇွန်းထည့်ကာ သမအောင် နယ်ပေးလိုက်ပါ။ မှိုကိုလည်း ပါးပါးလှီးပြီး ဆော့စ် စားပွဲတင်ဇွန်း ၁ ဇွန်းဖြင့် နယ်ပေးလိုက်ပါ။

၄။ ဟင်းနုနွယ်ကို ပွက်ပွက်ဆူနေသော ရေနွေးထဲထည့်ကာ ၂ မိနစ်ခန့် စိမ်ထားလိုက်ပါ။ ထို့နောက် ရေအေးဖြင့် ပြန်ဆေးလိုက်ပါ။ ထို့နောက် ဟင်းနုနွယ်ကို ၂ လက်မအရွယ်အစားခန့် လှီးဖြတ်ပြီးနောက် ဆား၊ ငရုတ်ကောင်းမှုန့်တို့ဖြင့် သမအောင် နယ်ပေးလိုက်ပါ။

၅။ အိုးတစ်လုံးထဲတွင် ရေနွေးပြန်တည်ပြီးနောက် ရေနွေးပွက်ပွက်ဆူလာပါက ပဲကြာဇံထည့်ကာ ၆ မိနစ်ခန့် ပြုတ်ပေးလိုက်ပါ။ ထို့နောက် ရေအေးဖြင့် ပြန်ဆေးပေးရပါမယ်။ ပဲကြာဇံကို ၆ လက်မအရှည်ခန့် လှီးဖြတ်ပြီးနောက် ပန်းကန်လုံးအကြီးထဲ ပြောင်းထည့်ကာ ပဲငံပြာရည်ဆော့စ် စားပွဲတင်ဇွန်း ၂ ဇွန်းဖြင့် နယ်လိုက်ပါ။

၆။ ဒယ်အိုးကို မီးအပူပေးပါ။ ထို့နောက် ပဲကြာဇံများကို ၄ မိနစ်ခန့် ထည့်ကြော်လိုက်ပါ။ ပြီးရင် ပန်းကန်လုံးထဲ ပြန်ထည့်ထားရပါမယ်။

၇။ အိုးထဲသို့ ဆီ စားပွဲတင်ဇွန်းတစ်ဝက်ထည့်ကာ ဆီပူလာပါက ကြက်သွန်နီ၊ ဆားနှင့် ငရုတ်ကောင်းမှုန့်တို့ထည့်ကာ ဆီသတ်လိုက်ပါ။ ကြက်သွန်နီက ပျော့သွားပါက ကြက်သွန်မြိတ်ထည့်ကာ စက္ကန့်အနည်းငယ်ခန့် ကြော်ပေးလိုက်ပါ။ ထို့နောက် ပဲကြာဇံကို အိုးထဲပြန်ထည့်ကာ ကြော်လိုက်ပါ။ မုန်လာဥနီထည့်ကာ ၂ မိနစ်ခန့် ကြော်ပေးရပါမယ်။ သမအောင် ကြော်ပြီးသွားပါက ပဲကြာဇံများကို ပန်းကန်ထဲပြန်ထည့်လိုက်ပါ။

၈။ ဒယ်အိုးထဲသို့ အမဲသားနှင့် မှိုတို့ထည့်ကာ ၃ မိနစ်ခန့် ကြော်ပေးလိုက်ပါ။ ထို့နောက် ပဲကြာဇံပန်းကန်ထဲ ပြောင်းထည့်လိုက်ပါ။

၉။ ထို့နောက် ပန်းကန်လုံးထဲသို့ ဟင်းနုနွယ်ထည့်ကာ ကျန်ရှိနေသော ပဲငံပြာရည်ဆော့စ်များ အားလုံးလောင်းထည့်ကာ သမအောင် နယ်ပေးလိုက်ပါ။ အရသာ အပေါ့အငန်မြည်းကြည့်ပြီးနောက် လိုအပ်ပါက ပဲငံပြာရည်၊ သကြားတို့ ထပ်ထည့်နိုင်ပါတယ်။

ဒါဆိုရင်တော့ အရသာရှိတဲ့ အမဲသား ဟင်းရွက်စုံ ပဲကြာဇံသုပ် ရရှိသွားပါပြီ။ အရသာရှိရှိ သုံးဆောင်လိုက်ပါ။

Source: Koreanbapsang.com