ဟင်းချက်ပြိုင်ပွဲမှာ ဒိုင်တွေက အမှတ်ပေးတဲ့အခါ ပြိုင်ပွဲဝင်တွေရဲ့ ဟင်းပွဲပြင်ဆင်ထားတဲ့ ပလိပ်တင်ကို ကြည့်ပြီး အမှတ်ပေးလေ့ရှိပါတယ်။ ကိုယ် ချက်ထားတဲ့ ဟင်းလျာက အရသာကောင်းရုံတင်မကဘဲ ပလိပ်တင်ပိုင်းမှာပါ မြင်လိုက်တာနဲ့ စားချင်စဖွယ်ဖြစ်နေအောင် ပြင်ဆင်တတ်ခြင်းက ကျွမ်းကျင်စားဖိုမှူးတိုင်း တတ်မြောက်ထားရတဲ့ ပညာရပ်တစ်ခုပဲဖြစ်ပါတယ်။

ဒီတစ်ခါမှာတော့ အချက်အပြုတ်ဝါသနာပါတဲ့ အိမ်ရှင်မတို့အတွက် ပဲပြားကြော်ကို ဆလပ်ရွက်ပေါ်မှာ ဘယ်လိုမျိုး လှလှပပ ပြင်ဆင်ထားမလဲဆိုတာကို ဖော်ပြပေးသွားမှာပဲဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ပဲပြား (သို့) တို့ဖူး ၂၅၀ ဂရမ်
  • ပူစီနံရွက် အနည်းငယ်နှင့် ဆလပ်ရွက် ၃ ရွက်
  • ငါးငံပြာရည် စားပွဲတင်ဇွန်း ၁ ဇွန်း
  • ခရုဆီ စားပွဲတင်ဇွန်း ၂ ဇွန်း
  • ကြက်သွန်ဖြူ ၃ မြွှာ

  • ငရုတ်သီး ၂ တောင့်
  • အုန်းဆီ စားပွဲတင်ဇွန်း တစ်ဇွန်းခွဲ
  • ဆားနှင့် ငရုတ်ကောင်းမှုန့် အနည်းငယ်

ပြုလုပ်နည်းအဆင့်ဆင့်

ပဲပြားများကို အတုံးသေးသေးများဖြစ်အောင် ချေလိုက်ပါ။ ပူစီနံရွက်ကိုလည်း အရွက်များချွေကာ ပါးပါးလှီးထားပါ။ ကြက်သွန်ဖြူနဲ့ ငရုတ်သီးတောင့်ကိုလည်း ပါးပါးလှီးထားလိုက်ပါ။

ဒယ်အိုးကို အပူပေးပြီး ဆီထည့်ကာ ကြက်သွန်ဖြူ၊ ငရုတ်သီးတို့ ထည့်ကြော်လိုက်ပါ။

အနံ့မွှေးသွားတဲ့အထိ ကြော်ပြီးတဲ့နောက်မှာ ပဲပြားတုံးများကို အိုးထဲထည့်ကာ ဆားနှင့် ငရုတ်ကောင်းမှုန့်တို့ ဖြူးပေးလိုက်ပါ။

၃ မိနစ်၊ ၄ မိနစ်ခန့် ကြော်ပြီးတဲ့နောက်မှာ အနံ့လေးမွှေးသွားဖို့ရန်အတွက် ပူစီနံရွက်လေး ထည့်ကြော်ပေးလိုက်ပါ။

သမအောင် ရောမွှေပြီးသွားပြီဆိုရင်တော့ ပန်းကန်ပြားပေါ်မှာ ဆလပ်ရွက် ၃ ရွက်ကို လှလှပပစီထားကာ ထိုဆလပ်ရွက်ပေါ်မှာ ပဲပြားကြော်လေးတွေကို ညီညီညာညာခွဲထည့်လိုက်ပါ။

ဒါဆိုရင်တော့ ရိုးရိုးရှင်းရှင်းလေးနဲ့ လှပတဲ့ Plating အပြင်အဆင်လေးကို ရရှိသွားမှာပဲဖြစ်ပါတယ်။ ပဲပြားကြော်မှ မဟုတ်ပါဘူး၊ အခြားအကြော် တစ်မျိုးမျိုးကိုလည်း ဆလပ်ရွက်ပေါ်မှာ လှလှပပ အလှဆင်ထားလို့လည်း ရသေးတယ်နော်။

Source: kitchenbowl.com