ဟင်းသီးဟင်းရွက်များကို ရည်ရွယ်ချက်သုံးမျိုးဖြင့် စားသုံးလေ့ရှိကြပါတယ်။ ရောဂါဘယများ ကာကွယ်ပေးဖို့၊ အသားအရေလှပဖို့နဲ့ ထမင်းစားတဲ့အခါ အစာအာဟာရအုပ်စု မျှတစွာပါဝင်ဖို့ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ စားသုံးကြပါတယ်။

စာဖတ်သူတို့ရော ဘယ်လိုရည်ရွယ်ချက်နဲ့ ဟင်းသီးဟင်းရွက်များကို စားသုံးလေ့ရှိကြပါသလဲ။

ဟင်းသီးဟင်းရွက် သိပ်မစားဖြစ်သူများအတွက် ဒီတစ်ခါမှာတော့ အချဉ်ဖောက်ထားတဲ့ ပဲပြားနဲ့ရောကြော်ထားတဲ့ ကန်စွန်းရွက်ဟင်းလျာ ကြော်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ကန်စွန်းရွက် ၁ စည်း
  • ဆီ စားပွဲတင်ဇွန်း ၂ ဇွန်း
  • ဂျင်းပြား ၄ ပြား (အချောင်းလိုက် ပါးပါးလှီးထားပါ)
  • ငရုတ်သီးခြောက် ၅ တောင့်
  • ကြက်သွန်ဖြူ ၄ မြွှာ (ပါးပါးလှီးထားပါ)

  • အချဉ်ဖောက်ထားသော ပဲပြား ၂ တုံး
  • သကြား လက်ဖက်ရည်ဇွန်း ၈ ပုံ ၁ ပုံနှင့် ဆား လက်ဖက်ရည်ဇွန်းတစ်ဝက်
  • ဟင်းချက်ဝိုင် စားပွဲတင်ဇွန်း ၂ ဇွန်း

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ကန်စွန်းရွက်ကို ရေဆေးပြီးနောက် အရွက်နှင့် ရိုးတံများကို ဆိတ်ကာ ချွေထားလိုက်ပါ။

၂။ ဒယ်အိုးကို အပူပေးပြီး ဆီထည့်လိုက်ပါ။ ဆီပူလာပါက ဂျင်းထည့်ကာ ၁၀ စက္ကန့်ခန့် ဆီသတ်ပါ။ ထို့နောက် ငရုတ်သီးခြောက်၊ ကြက်သွန်ဖြူ၊ ပဲပြား၊ သကြားနှင့် ဆားတို့ထည့်ကာ သမအောင် မွှေလိုက်ပါ။

၃။ အနံ့မွှေးလာသည်အထိ ဆီသတ်ပြီးတဲ့နောက်မှာတော့ ကန်စွန်းရွက်ထည့်ကာ သမအောင် ကြော်ပေးလိုက်ပါ။

၄။ တစ်မိနစ်ခန့် ကြော်ပြီးတဲ့နောက်မှာ ဟင်းချက်ဝိုင် စားပွဲတင်ဇွန်း ၂ ဇွန်းခန့်ထည့်ကာ စက္ကန့် ၃၀ ခန့် ကြော်ပေးလိုက်ပါ။

အရသာအပေါ့အငန်မြည်းကြည့်ပြီးတဲ့နောက်မှာတော့ လျှာလည်သွားစေမယ့် အချဉ်ဖောက်ပဲပြားရောကြော် ကန်စွန်းရွက်ဟင်းလျာလေး ရရှိသွားပါပြီ။

ထမင်းနဲ့အရသာရှိရှိ ပူပူလေး သုံးဆောင်လိုက်ပါ။

Source: Thewoksoflife.com