အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာတော့ အရသာလည်းရှိ ကျန်းမာရေးနဲ့လည်း ညီညွှတ်တဲ့ ကြက်သားအစာသွပ် ကြက်ဟင်းခါးသီးပေါင်း ပြုလုပ်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ကြက်ဟင်းခါးသီး ၁ လုံး
  • ကြက်သွန်ဖြူ ၂ မြွှာ (ပါးပါးလှီးထားပါ)
  • ပါးပါးလှီးထားသော ဂျင်း စားပွဲတင်ဇွန်း တစ်ဝက်
  • ကြက်သွန်မြိတ် ၁ ပင် (ပါးပါးလှီးထားပါ)
  • တရုတ်နံနံ ၁ ပင် (ပါးပါးလှီးထားပါ)

  • ကြက်သား ၅၀၀ ဂရမ် (အနေတော် အတုံး တုံးထားပါ)
  • ငရုတ်သီးတောင့် ၃ တောင့် (ပါးပါးလှီးထားပါ)
  • ဆန်ဝိုင် စားပွဲတင်ဇွန်း ၂ ဇွန်းနှင့် ပဲငံပြာရည်အကြည် စားပွဲတင်ဇွန်း ၃ ဇွန်း
  • ငရုတ်ကောင်းမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ဆားအနည်းငယ်၊ ရေအနည်းငယ်နှင့် ဟင်းသီးဟင်းရွက်ဆီ အနည်းငယ်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ကြက်ဟင်းခါးသီးကို ၂ စင်တီမီတာအရှည် လှီးဖြတ်ထားကာ အထဲက အစေ့များကို ဖယ်ထုတ်လိုက်ပါ။ ထို့နောက် ကြက်ဟင်းခါးသီးပေါ်သို့ ဆားဖြူးပြီး ၁၅ မိနစ်၊ မိနစ် ၂၀ ခန့် ထားထားလိုက်ပါ။

၂။ ဒန်အိုးတစ်လုံးကို အပူပေးပြီး ဆီထည့်ကာ ဆီပူလာပါက ကြက်ဟင်းခါးသီးကို စက္ကန့် ၃၀၊ စက္ကန့် ၄၀ ခန့် ထည့်ကြော်လိုက်ပါ။

၃။ ဒယ်အိုးတစ်လုံးကို အပူပေးပြီး ဟင်းသီးဟင်းရွက်ဆီ စားပွဲတင်ဇွန်း ၂ ဇွန်းနှင့် နှမ်းဆီ စားပွဲတင်ဇွန်း ၂ ဇွန်းထည့်လိုက်ပါ။ ဆီပူလာပါက ကြက်သွန်ဖြူ၊ ဂျင်းတို့ထည့်ပြီး ၂ မိနစ်ခန့် ဆီသတ်လိုက်ပါ။

ပဲငံပြာရည် စားပွဲတင်ဇွန်း ၃ ဇွန်း၊ ငရုတ်ကောင်းမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်းနှင့် ဆန်ဝိုင် စားပွဲတင်ဇွန်း ၂ ဇွန်းထည့်ပြီး မွှေထားလိုက်ပါ။

ပြီးရင်တော့ ကြက်သားတုံးများထည့်ကာ ၂ မိနစ်ခန့် မွှေကြော်ပေးလိုက်ပါ။

၄။ ပေါင်းအိုးထဲ ထည့်ပေါင်းလို့ရမယ့် လင်ဗန်းထဲသို့ ကြက်ဟင်းခါးသီးများကို အစီအရီထည့်ထားလိုက်ပါ။ ထို့နောက် စောစောက ကြော်ထားသော ကြက်သားကြော်ကို ကြက်ဟင်းခါးသီး အခေါင်းပေါက်ထဲ ညီညီညာညာ ထည့်ထားလိုက်ပါ။

၅။ ထို့နောက် ပေါင်းအိုးထဲတွင် ၁၅ မိနစ်၊ မိနစ် ၂၀ ခန့် ထည့်ပေါင်းလိုက်ပါ။ ကြက်သားများ ကျက်သွားပါက ပေါင်းအိုးထဲက ထုတ်ပြီး ငရုတ်သီးနှင့် ကြက်သွန်မြိတ်များကို ကြက်ဟင်းခါးသီးပေါ်တွင် ဖြူးထည့်လိုက်ပါ။ ထို့နောက် ပေါင်းအိုးထဲတွင် ၃ မိနစ်၊ ၄ မိနစ်ခန့် ပြန်ပေါင်းပေးရပါဦးမယ်။

ထိုအဆင့်များ အကုန်လုံးပြီးသွားတဲ့အခါမှာတော့ အရသာလည်းရှိ၊ ကျန်းမာရေးနဲ့လည်း ညီညွှတ်တဲ့ ကြက်သားအစာသွပ် ကြက်ဟင်းခါးသီးပေါင်းဟင်းလျာလေး ရရှိသွားပါပြီ။

Source: Asianfoodchannel.com