အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာ ဝေမျှပေးချင်တဲ့ဟင်းလျာလေးကတော့ အမဲသားအစာသွပ် ဂေါ်ဖီလိပ်ပဲဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ

  • အမဲသား ၁ ပေါင် (နုပ်နုပ်စဉ်းထားပါ)
  • ထမင်း ပန်းကန်လုံး ၁ လုံးစာ
  • ပါးပါးလှီးထားသော ကြက်သွန်နီ ပန်းကန်လုံး တစ်ဝက်စာ
  • နုပ်နုပ်စဉ်းထားသော ကြက်သွန်ဖြူ လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ဆား လက်ဖက်ရည်ဇွန်း တစ်ဇွန်းနှင့် ငရုတ်ကောင်းမှုန့်ကောင်း လက်ဖက်ရည်ဇွန်း တစ်ဝက်

  • ပါးပါးလှီးထားသော နံနံပင် စားပွဲတင်ဇွန်း ၄ ဇွန်း
  • ကြက်ဥ ၁ လုံး
  • ဂေါ်ဖီထုပ် ၁ ထုပ်
  • ဆီ အနည်းငယ်

ခရမ်းချဉ်သီးဆော့စ်

  • ထောပတ် စားပွဲတင်ဇွန်း ၂ ဇွန်း
  • ပါးပါးလှီးထားသော ကြက်သွန်နီ ပန်းကန်လုံး တစ်ဝက်
  • နုပ်နုပ်စဉ်းထားသော ကြက်သွန်ဖြူ လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ခရမ်းချဉ်သီး ၂၀ အောင်စ (ပါးပါးလှီးထားပါ)
  • ဆားနှင့် ငရုတ်ကောင်းမှုန့် အနည်းငယ်

  • သကြားညို စားပွဲတင်ဇွန်း ၂ ဇွန်း
  • ဆန်ရှာလကာရည် စားပွဲတင်ဇွန်း ၁ ဇွန်း

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ခရမ်းချဉ်သီးဆော့စ် ပြုလုပ်ရန်အတွက် ဒယ်အိုးကို အပူပေးပြီး ထောပတ်ထည့်ပါ။ ထောပတ်အရည်ပျော်သွားပါက ကြက်သွန်နီထည့်ပြီး ၄ မိနစ်၊ ၅ မိနစ်ခန့် ဆီသတ်ပါ။ ထို့နောက် ကြက်သွန်ဖြူထည့်ကာ စက္ကန့် ၃၀ ခန့် ဆီသတ်ပါ။ ထို့နောက် ခရမ်းချဉ်သီး၊ ဆားနှင့် ငရုတ်ကောင်းမှုန့်တို့ထည့်ကာ သမအောင် မွှေပေးလိုက်ပါ။

၂။ ထို့နောက် သကြားညိုနှင့် ဆန်ရှာလကာရည်တို့ထည့်ကာ ပွက်ပွက်ဆူလာအောင် တည်ထားလိုက်ပါ။ ၁၀ မိနစ်၊ ၁၅ မိနစ်ခန့် တည်ပြီးနောက်မှာတော့ ခရမ်းချဉ်သီးဆော့စ်လေး ရရှိသွားပါပြီ။

၃။ ခရမ်းချဉ်သီးဆော့စ် တည်နေချိန်မှာ ဒန်အိုးအကြီးတစ်လုံးထဲတွင် ရေ ပွက်ပွက်ဆူလာအောင် တည်ထားလိုက်ပါ။ ထို့နောက် ဂေါ်ဖီထုပ်ထည့်ကာ ၃ မိနစ်မှ ၅ မိနစ်ခန့် ပြုတ်လိုက်ပါ။ ပြုတ်ပြီးသွားပါက ဂေါ်ဖီထုပ်ကို ဆယ်ယူပြီး ဂေါ်ဖီရွက် ၁၂ ရွက်ခန့် ခွာယူထားလိုက်ပါ။

၄။ ပန်းကန်လုံးအကြီးတစ်လုံးထဲတွင် နုပ်နုပ်စဉ်းထားသော အမဲသား၊ ထမင်း၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ဆား၊ ငရုတ်ကောင်းမှုန့်၊ နံနံပင်နှင့် ကြက်ဥ ဖောက်ထည့်ကာ သမအောင် နယ်ထားလိုက်ပါ။ ထို့နောက် ခရမ်းချဉ်သီးဆော့စ် စားပွဲတင်ဇွန်း ၈ ဇွန်းခန့် ခပ်ယူကာ သမအောင် ထပ်နယ်ပါ။

၅။ ဂေါ်ဖီရွက်များကို စဉ်းနီတုံးပေါ်တင်ထားပါ။ ထို့နောက် ဂေါ်ဖီ၏ မာကြောသောအရိုးပိုင်းကို ဖယ်ရှားဖို့ရန်အတွက် ဗွီပုံသဏ္ဍာန်လေး လှီးဖြတ်ကာ ဖယ်ရှားလိုက်ပါ။

၆။ ထို့နောက် အမဲသားအစာသွပ် စားပွဲတင်ဇွန်း ၅ ဇွန်းခန့် ခပ်ယူပြီး ဂေါ်ဖီရွက်အလယ်တည့်တည့်တွင် ထည့်ထားလိုက်ပါ။ ထို့နောက် ဂေါ်ဖီရွက်ကို တင်းတင်းလေး လိပ်ပေးလိုက်ပါ။

အမဲသားအစာသွပ်နှင့် ဂေါ်ဖီရွက်များ ကုန်သွားသည်အထိ ထိုနည်းအတိုင်း ပြုလုပ်ပေးလိုက်ပါ။

၇။ Oven ကို ၃၅၀ ဒီဂရီဖာရင်ဟိုက်ဖြင့် အပူပေးထားလိုက်ပါ။

Oven ထဲထည့်မယ့် လင်ဗန်းကို ဆီဖြင့် သုတ်လိမ်းထားလိုက်ပါ။ ထို့နောက် ကျန်ရှိနေသော ခရမ်းချဉ်သီးဆော့စ် တစ်ဝက်ခန့်ကို လင်ဗန်းထဲသို့ လောင်းထည့်လိုက်ပါ။ ထို့နောက် အမဲသားအစာသွပ် ဂေါ်ဖီထုပ်များကို လင်ဗန်းထဲတွင် အစီအရီ ထည့်ထားလိုက်ပါ။

၈။ ထို့နောက် လင်ဗန်းကို ခဲဖတ်ဖြင့် အုပ်ထားပြီးနောက် Oven ထဲတွင် ၆၀ မိနစ်၊ ၉၀ မိနစ်ခန့် ဖုတ်ပေးလိုက်ပါ။

သတ်မှတ်ချိန်ပြည့်တဲ့အခါမှာတော့ Oven ထဲကထုတ်ပြီး နံနံပင်အနည်းငယ် ဖြူးပေးလိုက်ပါ။

ဒါဆိုရင်တော့ အရသာရှိတဲ့ အမဲသားအစာသွပ် ဂေါ်ဖီလိပ်လေး ရရှိသွားပါပြီ။

Source: Dinneratthezoo.com